Saturday 11 April 2009

ဂျပန် (သို့) အာရှကျား ၏ စတုတ္တကြိမ်မြောက် စီပွားရေး ကျားကန်းပေးမှု အစီအစဉ်

အိုဆားကားမြို့ ရှိ အိုးမဲ့အိမ်မဲ့တယောက်
A homeless man pulls his cart filled with possessions and goods for recycling on March 18 in Osaka, Japan.

-မြတ်စိုး-
၀၄-၁၁-၂၀၀၉

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးဆုတ်ယုတ်မှု နှင့် စီးပွားရေးပျက်ကပ် အကျိုးဆက်တွေကို ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံဟာ အလုပ်လက်မဲ့တိုးပွားနေမှု၊ ပို့ကုန် သိသိသာသာကျဆင်းလာမှု၊ ဘဏ္ဍာရေးနှင့် ငွေချေးဌားမှုဆိုင်ရာ လုပ်ငန်းတွေမှာ ငွေကြေးဆိုင်ရာ ပြဿနာ အခက်အခဲတွေရင်ဆိုင်နေရမှု၊ စီးပွားရေး လုပ်ငန်းကြီးတွေမှာ အရှုံးပေါ်နေမှုနှင့် ဒေ၀ါလီခံနေကြမှု၊ အိုးမဲ့အိမ်မဲ့လူဦးရေ အသစ် တိုးများလာနေမှုတွေဟာ တနေ့ထက်တနေ့ဆိုးဝါးလာနေပြီလို့ ဂျပန်အစိုးရက တရားဝင်အတည်ပြု ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ စီးပွားရေးအားဖြင့် ဒုတိယ အင်အားအကြီးဆုံးနိုင်ငံဖြစ်သလို၊ နေထိုင်ဘို့ ဈေးကြီးပြီး၊ လူနေမှု အဆင့်အတန်းမြှင့်မားတဲ့ တိုင်းပြည် တခုလည်းဖြစ်တယ်။ လောလောဆယ်ကြုံတွေ့နေရတဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်၏ အကျိုးဆက်ကြောင့် တိုကျိုမြို့ လူစည်ကားရာ အကြီးဆုံးပန်းခြံ မှာ ရာပေါင်းများစွာ သော အိုးမဲ့အိမ်မဲ့ဖြစ်နေကြတဲ့ သူတွေဟာ အလုပ်အကိုင်သစ်တွေ ရဖို့ တန်းစီစောင့်ဆိုင်း နေတာကို တွေ့ရတယ်။




ပြီးခဲ့ တဲ့ ရက်သတ္တပတ်ကလည်း ဂျပန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်မှာ ထုတ်ကုန်/တင်ပို့ကုန် ( Exports) ၄၉ ရာခိုင်နှုန်းကျဆင်း ခဲ့ပြီး၊ ဒီအထဲက အမေရိကန်နိုင်ငံသို့ တင်ပို့မှု ၅၈ ဒသမ ၄ရာခိုင်နှုန်းကျဆင်းခဲ့ကာ၊ ဥရောပသို့ တင်ပို့မှု ၅၄ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဂျပန်အစိုးရက တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီလိုရင်ဆိုင်နေရတဲ့ စီးပွားရေးယိုယွင်း ကျဆင်းလာနေမှုတွေကို ပြန်လည်နလံထူ လာနိုင်အောင် ပြုလုပ်မဲ့ စီမံကိန်းတွေအတွက် သောကြာနေ့ က ဂျပန်ပါလီမာန်မှာ အတိုက်အခံနဲ့ အစိုးရ အကြား အခြေအတင်ဆွေးနွေးမှုတွေကိုပြုလုပ်နေကြပါတယ်။ ဒီဆွေးနွေးမှုတွေထဲမှာ ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ (ဂျပန် ယန်းငွေ ၁၅ ထွီလီယံ) ကို ထပ်မံသုံးစွဲပြီး စီးပွားရေးကျားကန်ပေးဖို့ ပါဝင်တယ်လို့ ဂျပန်အစိုးရ က တရားဝင်ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

ဒီလိုငွေကြေးသုံးစွဲမှုပမာဏ္ဍဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံသမိုင်းမှာ အစိုးရက ငွေကြေးအကြီးမား ဆုံးသော သုံးစွဲကူညီမှုတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာ စီးပွားရေး သုတေသီပညာရှင်များက ပြောဆိုခဲ့ကြတယ်။ ဒီ ထပ်မံငွေကြေးကျားကန်မဲ့ ဂျပန်အစိုးရရဲ့ အစီအစဉ်ဟာ ခြောက်လအတောအတွင်း စတုတ္တ အကြိမ်မြောက် ဖြစ်ပြီး ၊ ဂျပန်ပါလီမာန် ဟာ ပြီခဲ့တဲ့ သုံးကြိမ် က စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၇၅၀ ထောက်ပံ့သုံးစွဲဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ နောက်ထပ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ (ဂျပန် ယန်းငွေ ၁၅ ထွီလီယံ) ထပ်မံ ငွေကြေးထောက်ပံ့မှုဟာ ရေတို နှင့်ရေရှည် စီးပွားရေးနလံထူလာစေမှု အစီအစဉ်တွေ အပါအ၀င် ပြည်တွင်းထုတ်လုပ်ကုန် တိုးတက်ဖို့ ၊ အလုပ်အကိုင်လျှော့ချနေမှုတွေ ရေတိုကာလအတွင်း ရပ်တန့် သွားစေဖို့ နှင့် ငွေကြေးဆိုင်ရာ ဈေးကွက်အတွင်းတည်ငြိမ်မှုတွေကို ပိုမိုဖန်တီးပေးလာလိမ့်မယ်လို့ ဆိုတယ်။

ဂျပန်အစိုးရကို အတိုက်အခံပြုနေကြတဲ့ ပါတီတွေကလည်း ဒီသုံးစွဲခြင်းဟာ ဂျပန်နိုင်ငံရဲ့ ကျဆင်းထိခိုက်နေတဲ့ စီးပွားရေးကို ပြန်လည်နလံထူလာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုနေကြတယ်။ ဘယ်လို သုံးစွဲမလဲ ဆိုတာ မှာတော့ အစိုးရနှင့် အတိုက်အခံပါတီတွေအကြား သဘောကွဲလွှဲမှုတွေရှိနေကြတယ်။ လက်ရှိ ဂျပန်ဝန်ကြီးချုပ် တာယိုအာဆို (Prime Minister Taro Aso ) ကတော့ စီးပွားရေးကျားကန်ပေးမှု အစီအစဉ်တွေနဲ့ ပက်သက်ပြီး အသေးစိတ်တွေကို ပါလီမာန်မှာ လွှတ်တော်အမတ်များ အကြိမ်ပေါင်းများ ဆွေးနွေးမှုတွေကို ပြုလုပ်နေကြ တယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ ဒီအကူအညီပေးရေးအစီအစဉ်တွေကြောင့် ဂျပန် ပြည်သူတွေဟာ လာမဲ့ ရွေးကောက်ပွဲမှာ လက်ရှိအစိုးရကို ပိုမိုထောက်ခံလာကြလိမ့်မယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင်တွေ နှင့် အတိုက်အခံနိုင်ငံရေး ပါတီတွေက ဝေဖန်ပြောဆိုမှုတွေ ရှိနေကြ ပါတယ်။ ဂျပန် အစိုးရက စတုတ္တအကြိမ် မြောက် ငွေကြေးကျားကန်ထောက်ပံ့ပေးမဲ့ အစီအစဉ်ဟာ ကမ္ဘာ့ထိပ်သီးစက်မှုနိုင်ငံ ၂၀ အစည်းအဝေးပြီး နောက်၊ တက်ရောက်ခဲ့တဲ့ နိုင်ငံများက ကမ္ဘာ့စီးပွားရေး အခြေအနေကို ပြန်လည်နလံထူလာအောင် ဂျပန်နိုင်ငံက ပိုမို အကူအညီပေးဖို့ တောင်းခံခဲ့ပြီးနောက်၊ ဒီလိုကြေညာချက်ထွက်ပေါ်လာခဲ့ကြောင်း စီးပွားရေးသုံးသပ်သူ ပညာရှင်များက ပြောဆိုကြပါတယ်။

ဒီလို အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ (ဂျပန် ယန်းငွေ ၁၅ ထွီလီယံ) ကို သုံးစွဲပြီး စီးပွားရေးကျားကန်ပေးမယ့် အစီအစဉ်တွေထဲမှာငွေကြေးပမာဏ္ဍအများဆုံးသုံးစွဲသွားမဲ့ နေရာတွေကတော့-

  • ၁) အလုပ်လက်မဲ့ ဖြစ်သူတွေအတွက် လှုမှုဖူလုံရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှု နှင့် အလုပ်အကိုင်တွေ တိုးပွားလာစေဖို့ အစီအစဉ်အတွက် ယန်းငွေ ၁.၉ ထွီလီယံသုံးစွဲရေး၊
  • ၂) ငွေကြေးနဲ့ အရှုံးပေါ် ဒုက္ခရောက်နေကြတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကုမ္ပဏီကြီးများအတွက် ၃ ထွီလီယံ ကူညီထောက်ပံ့သုံးစွဲရေး၊
  • ၃)ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ထိမ်းသိမ်းပြီး၊ဈေးနှုန်းချိုသာတဲ့အရည်အသွေးမြင့်မားတဲ့ မော်တော်ကားများထုတ်လုပ်နိုင်ရေးအတွက် ၁.၆ ထွီလီယံသုံးစွဲရေး၊
  • ၄) လေဆိပ်၊ တံတား၊ ကုန်းလမ်းခရီးသွားလာရေး အပါအ၀င် လမ်းပန်းဆက်သွယ်ရေး တွေကို ခေတ်မှီလာစေဖို့ နှင့် ပြန်လည်မွန်းမံတိုးချဲ့ ဖို့ အတွက် ၂.၆ ထွီလီယံသုံးစွဲရေး၊
  • ၅) ကျန်းမာရေးနှင့် လူသားအရင်းအမြစ်ဆိုင်ရာရင်နှီးမြုပ်နှံမှုတွေမှာ အကူအညီပေးရေးအတွက် ၁.၇ ထွီလီယံသုံးစွဲရေး တို့ ပါဝင်တယ်လို့ သိရတယ်။



Rest of your post

No comments :