ထိုင်းနယ်စပ်သို့ထွက်ပြေးလာကြသော ကရင်လူမျိုးစစ်ပြေးဒုက္ခသည်များ
-အောင်မိုး/ဂျေရာပွန်သော်မဆင်-
ဘန်ကောက်
၀၆-၁၁-၂၀၀၉
ဘန်ကောက်
၀၆-၁၁-၂၀၀၉
ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ်ဒေသ တွင် KNU နှင့် နအဖ စစ်တပ်များအကြား တိုက်ပွဲများဆက်လက် ပြင်းထန်နေပြီး၊ နအဖ စစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာ ကြောင်း ထိုင်းစစ်တပ်အကြီးအကဲက ထုတ်ဖော်ပြောဆိုသွားပါသည်။ ယင်းသို့ လက်နက်ကြီးများ ပေါက်ကွဲ ကျရောက်နေမှုကြောင့် မြန်မာပြည်မှ စစ်ပြေးဒုက္ခသည်များ ထောင်နှင့်ချီ၍ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး ခိုလှုံနေကြောင်း ထိုင်းစစ်တပ်က အတည်ပြု ပြောဆိုသွားခဲ့တယ်။
လက်ရှိထိုင်းအစိုးရ၏ မြန်မာနိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်များကြောင့် မြန်မာစစ်အုပ်စုခေါင်းဆောင်များ က မကျေမနပ်ဖြစ်နေကြပြီး၊ စစ်အုပ်စုသတင်းစာများထဲတွင် လက်ရှိထိုင်းအစိုးရ ၀န်ကြီးချုပ်အဘီဆစ်နှင့် နိုင်ငံခြားရေးဝန်ကြီး ကဆစ်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ကို ပြုလုပ်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ အတိုက်အခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နအဖ စစ်အုပ်စုမှ မတရားထောင်ချခဲ့မှု နှင့်ပက်သက်၍ အိမ်နီးချင်းနိုင်ငံများအပါအ၀င်၊ နိုင်ငံတကာ မှ ပြစ်တင်ကန့်ကွက်ရှု့ ချခဲ့ကြပါတယ်။ ဒီလို အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာ မှ ကန့်ကွက်ရှု့ ချခဲ့ခြင်းဟာ ဒေသအတွင်းမတည်ငြိမ်မှုကို ဖန်တီးရာရောက် နေကြောင်း၊ စင်္ကာပူနိုင်ငံ မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ကာကွယ်ရေးဝန်ကြီးများ ညီလာခံ Shangri-La Dialogue မှာ မြန်မာနိုင်ငံ ကိုယ်စား တက်ရောက်ခဲ့သူ နအဖ ဗိုလ်ချုပ်အေးမြင့်က မေလ ၂၉ ရက်နေ့ က သတိပေးခြိမ်းချောက်ခဲ့တယ်။
ဒီလိုဒေသတွင်းအိမ်နီးချင်းနိုင်ငံများကို ခြိမ်းချောက်ပြီးတဲ့နောက်၊ ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုဖြစ်ပေါ်နေကြောင်း၊ ဒီအခြေအနေကို ထိုင်းအစိုးရက အနီးကပ်စောင့်ကြည့် လေ့လာနေကြောင်း ထိုင်းအစိုးရ ထိပ်တန်းအရာရှိကြီးတစ်ဦး က ထိုင်းသတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ အရိပ်အမြွက်ပြောဆိုသွားခဲ့တယ်။ မနေ့က ထိုင်းနိုင်ငံ တပ်ခ်ခရိုင် ထာ့ဆောင်ရန်း မြို့နယ်အတွင်းသို့ လက်နက်ကြီးကျည် (၂) လုံး ကျရောက်ခဲ့ပြီး၊ လောလောဆယ် ထိုင်းအစိုးရ က ထိုင်းနိုင်ငံအတွင်း လက်နက်ကြီးများ ကျရောက်ခဲ့မှုအပေါ် ကန့်ကွက်စာပေးပို့ခဲ့ကြောင်းသိရှိရပါသည်။
ဒေသတွင်း မတည်ငြိမ်မှုဖြစ်အောင် နအဖ စစ်အုပ်စုခေါင်းဆောင်များ က ကြိုတင်ကြံစည်ဆောင်ရွက်ပြီး၊ ထိုင်းအစိုးရကို ဖိအားပေးနေကြောင်း ထိုင်း-မြန်မာ အရေးကို လေ့လာနေသူ ချုလာလောင်ကွန်တက္ကသိုလ်မှ ထိုင်းနိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးက ပြောဆိုသွားကြောင်းသိရှိရပါသည်။
No comments :
Post a Comment