Sunday, 26 July 2009

လက်ဘက်ရည်ဆိုင်လေးတစ်ဆိုင်က ကျွန်တော်ရဲ့ ကြေကွဲရတဲ့ ဘ၀လေး


-နစ်နေမန်း-

ရန်ကုန်မြို့ နဲ့  မြို့ အသီးသီးက လက်ဘက်ရည်ဆိုင်များနဲ့  စားသောက်ဆိုင်တွေမှာ အသက် (၈) နှစ်မှ (၁၅) နှစ်အရွယ်ခန့်  ကလေးသူငယ်များအား စားပွဲထိုးတွေအဖြစ် ခိုင်းစေခန့် ထားကြပါတယ်။ ဒီအရွယ်ကလေးသူငယ်လေးတွေကို ခိုင်းရတဲ့အတွက် ဆိုင်ပိုင်ရှင်များအတွက် ပေးရတဲ့လုပ်ခက သက်သာတဲ့အပြင် အလုပ်ကိုလည်း အရွယ်နဲ့ မမျှအောင် အဆမတန် ခိုင်းကြလေ့ရှိပါတယ်။ အချို့ ဆိုင်များဆိုရင် လစာမပေးဘဲ မ၀ရေစာလောက်သာ ကျွေးပြီး အလုပ်ကို နားချိန်တောင် မပေးဘဲ အတင်းအဓမ္မ ခိုင်းစေကြပါတယ်။

စားဝတ်နေရေးမပြေလည် ခက်ခဲလွန်းလို့  ဘ၀အသက်အရွယ်နဲ့ မမျှအောင် တစ်နေ့ တာဝင်ငွေလေးရဖို့  အလုပ်လုပ်ကြရတဲ့ ဒီကလေးတွေရဲ့  ဘ၀ကို ကိုယ်ချင်းစာ သနားကြဖို့ လိုပါတယ်။ ပညာသင်ချိန်မှာ ပညာသင်ခွင့်မရ၊ ကလေးသဘာဝ ပျော်ရွှင်ကြည်နူးကြရမယ့်အချိန်မှာ ပျော်ရွှင်ကြည်နူးခွင့်မရတဲ့ ဒီကလေးတွေရဲ့  ဆင်းရဲနိမ့်ပါးနေရတဲ့ဘ၀တွေကို မိမိတို့ ရဲ့  သားသမီး တူ တူမတွေသာ ဖြစ်ရင်ဆိုတဲ့ အသိတရားလေးနဲ့  ညှာညှာတာတာ ဆက်ဆံသင့်ပါတယ်။

ထိုက်သင့်တဲ့ လစာ၊ ကျန်းမာရေးနဲ့  သင့်လျော်တဲ့ လုံလောက်တဲ့ အစားအသောက်၊ အလုပ်ချိန်အတွင်း အနားယူသင့်တဲ့ အချိန်ကာလလေးများ အစရှိသည်တို့ ကို ဆိုင်ရှင် အလုပ်ရှင်များအနေနဲ့  လူသားချင်း ကိုယ်ချင်းစာပြီး စီစဉ်ပေးသင့်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ မိမိဆိုင်အလုပ် မြန်မြန်ပြီးရဖို့ ၊ မိမိစီးပွားရေးတိုးတက်ဖို့ ၊ မိမိပေးရတဲ့ ကျွေးရတဲ့ဟာတွေ သက်သာဖို့ လောက်သာ ရှေ့ ရှူပြီး အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များကို နိုင်ထက်စီးနင်းနဲ့  အလုပ်သမားတစ်ယောက်ထက် ကျွန်လိုဆက်ဆံတာ လက်ခံစရာ အကြောင်းမရှိပါဖူး။ ဒီလိုလုပ်ရပ်ဟာလည်း ကလေးသူငယ်တွေအပေါ်မှာ လူသားမဆန်စွာနဲ့  ညဉ်းပမ်းနှိပ်စက်ခြင်း ဖြစ်ပါတယ်။ လူသားမပီသစွာနဲ့  လူ လူချင်း နှိပ်စက်ခြင်း ဖြစ်ပါတယ်။

ငယ်ရွယ်တဲ့ ကလေးသူငယ်တွေဟာ ထိုက်သင့်သော အလုပ်ကို လုပ်ကိုင်းစေရမှာ ဖြစ်ပြီး အလုပ်ခွင်အတွင်း သင့်လျော်သော အလုပ်သမားတစ်ယောက်အနေနဲ့  ရသင့်ရထိုက်သော အကျိုးခံစားပိုင်ခွင့်များ ရရှိကြရမှာ ဖြစ်ပါတယ်။ အသက်အရွယ်အရ ကိုက်ညီတဲ့ အလုပ်ကိုသာ ခိုင်းစေရမှာ ဖြစ်ပြီး လုပ်ကိုင်တဲ့အလုပ်အတွက် ရသင့်ရထိုက်တဲ့ လုပ်အားခကို ထိုက်ထိုက်တန်တန် ပေးရမှာ ဖြစ်ပါတယ်။ သူတို့ ရဲ့  လုပ်ခန်းခွင်အတွင်း ကျန်းမာရေးကအစ ဆိုင်ရှင် အလုပ်ရှင်တွေအနေနဲ့  အလေးထား ဂရုစိုက်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ ကလေးဘဲ ငါတို့  ခိုင်းချင်သလို ခိုင်းမယ်၊ ပေးချင်သလောက်သာ ပေးမယ်၊ ကျွေးချင်သလောက်သာ ကျွေးမယ်ဆိုတာမျိုးကတော့ အဆိုပါ ခိုင်းစေသူတွေဟာ လူ မဟုတ်ဖူးလို့ ဘဲ ပြောလိုက်ချင်ပါတယ်။ ဒီထက်ပိုဆိုးတာကတော့ အဆိုပါ အလုပ်လုပ်ကြတဲ့ ကလေးသူငယ်တွေကို ရိုက်ပုတ်တာ ပြုလုပ်ကြတဲ့ ဆိုင်ရှင် အလုပ်ရှင်တွေဟာ သားသမီးချင်း မစာနာ လူသားချင်း မစာနာဘဲ နိုင်ထက်စီးနင်းပြုလုပ်လို့  ဒီလုပ်ရပ်တွေဟာ လူတစ်ယောက် လုပ်သင့်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဖူး ဆိုတာပါ။

အောက်ဖေါ်ပြပါ ကဗျာလေးကို ရေးသားသူကတော့ ရန်ကုန်မြို့ က လက်ဘက်ရည်ဆိုင်လေးတစ်ဆိုင်ကို သွားရောက်ခဲ့ရင်း သူမြင်တွေ့ ခဲ့ရတဲ့ ကလေးသူငယ် စားပွဲထိုးလေးတစ်ယောက်ကို ဆိုင်ရှင်ကနေ အနိုင်ကျင့်တာကို တွေ့ ခဲ့မိလို့  စိတ်မကောင်ကြီးစွာနဲ့  အဆိုပါ စားပွဲထိုးလေးဘ၀ သနားညှာတာမိကာ သူ့ နေရာမှာသာဆိုရင် ဘယ်လိုများ ဖြစ်မိမလည်းဆိုတာကို ကိုယ်ချင်းစာ ခံစားမိပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ကဗျာရှင်က ပြောတာကတော့ - လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေးကို ကြည့်ရင်း ရေးမိတဲ့ ကဗျာလေးပါတဲ့။

ဖြစ်ပါရစေ။

အဖေ ဖြစ်ဖြစ် … အမေဖြစ်ဖြစ်
တစ်ယောာက်တော့ ရှိချင်တယ်။
မကြာခဏ အမှားအယွင်း
လုပ်မိတတ်တဲ့ ကျွန်တော့်ကို ဆုံးမဖို့ …… ။

အဖေဖြစ်ဖြစ်…. အမေဖြစ်ဖြစ်
တစ်ယောက်တော့ ရှိချင်တယ်။
ရုပ်ရှင်တွေထဲကလို ပိုက်ဆံအထပ်လိုက်ကြီးကို
မုန့်ဖိုးအဖြစ် တောင်းယူသုံးနိုင်ဖို့ ……။

ခုတော့ ပန်းကန်လေးတစ်ချပ် …. ကျကွဲတာနဲ့
ကျောကော့အောင် ရိုက်ခံရတဲ့ကျွန်တော် …..
မိဘအရင်းရဲ့ ဆုံးမတာကိုဘဲ ခံချင်တယ် …..။

ခုတော့ ကျွန်တော် …..
ကျောတစ်ခင်းစာရရုံနဲ့
ထမင်း မ၀ရေစာ စားရရုံနဲ့
ဘ၀ကို ပြည့်စုံတယ်လို့ မထင်ဘူး
ချားရဟတ်လေးတော့ စီးချင်တယ် ……။

အဖေဖြစ်ဖြစ် ….. အမေဖြစ်ဖြစ် ….
ရမယ်ဆို လိုချင်မိတယ်။
မကြာခဏ မျက်ရည်လွယ်တတ်တဲ့ ကျွန်တော် ….
အားရပါးရ ငိုကြွေးတာကို
မြင်ရအောင်လို့ ……..။

(ရေးသားသူ ကဗျာရှင် - မင်းသစ်တည်) ။

ကလေးသူငယ်များ မတရား အနိုင်ကျင့်ခံရခြင်းမှ ကင်းဝေးကြပါစေ ……… ။

No comments :