Thursday 5 November 2009

အာဏာရှင်မှန်သမျှ ရဲဝန့် စွာ ဆန့်ကျင်ကြ၊ လွတ်လပ်မှုအတွက် အစွမ်းကုန် တိုက်ပွဲဝင်ကြ



ညီအကို မောင်နှမများ ခင်ဗျာ-

We Fight We Win ဘလော့ခ် ကို ကျနော်တို့ရဲ့ ချစ်လှစွာသော ပြည်သူတွေနဲ့ မိတ်ဆက်ပေးခဲ့တာ အခုဆိုရင် ၂ နှစ် ပြည့်သွားခဲ့ပါပြီ။ အခုဆိုရင် နိုင်ငံပေါင်း ၁၆၀ က လာရောက် စာဖတ် ကြည့်ရှု့ အားပေးသူ ၂ သန်းကျော် ရှိခဲ့ပါပြီ။ ဒီလို ၂ နှစ် အတွင်း သန်းနဲ့ချီ လာရောက်ကြည့်ရှု့ ခြင်းဟာ ကျနော်တို့ ကို အားပေးနေတဲ့ ပြည်တွင်း၊ ပြည်ပ မှ ချစ်စွာသော စာဖတ်ပရိသတ် ညီအကို မောင်နှမများ ရဲ့ အားပေးကူညီနေမှုများ ကြောင့် သာဖြစ်ပါတယ်။ ကျနော်တို့ ဘလောက်ကို နေ့စဉ်ကြည်ရှု့ အားပေးတာကို ကျေးဇူးအထူး တင်ရှိပါတယ်။ ကျနော်တို့ ဆက်လက် ကြိုးစားပါမယ်။ ကျနော်တို့ မှာ အချိန်အခက်ခဲ၊ နည်းပညာအခက်ခဲ များ ကြောင့် အမှားတွေ ပါသွားလျင် ခွင့်လွှတ်ပါ။ ဝေဖန်ချက်များကို တင်ပြပေးနေပါတယ်။ ဆောင်းပါးများ မိမိအတွေးအမြင်များ ကိုလည်း ကျနော်တို့ ကို ပေးပို့ပါ။ ဖေါ်ပြပေးပါမယ်။

စာမူတွေ၊ သတင်းဓာတ်ပုံတွေ၊ လှုပ်ရှားမှုတွေကို ပေးပို့ခဲ့ကြတဲ့ ညီအကိုမောင်နှများ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာက နေ ဖော်ပြလိုက်ပါတယ်။ အထူးသဖြင့် အခက်အခဲ အမျိုးမျိုးကြားက လာရောက်ဖတ်ရှု့ ၊ သတင်းတွေပေးပို့နေကြတဲ့ ပြည်တွင်းက ညီအကို မောင်နှမများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောလိုပါတယ်။ နောက်နောင်လည်း ဆက်လက် ၀ိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းပါတယ်။ ကျနော်တို့ We Fight We Win ဘလော့ခ် အဖွဲ့ဝင်များက လည်း ပြည်သူတွေကို အင်အားဖြစ်စေမဲ့ သတင်းများ၊ ဗဟုသုတဖြစ်စေမဲ့ သတင်းများ၊ ပညာရေးဆောင်းပါးများ ကို နေ့ ည မပြတ် ဆက်လက်ပြီး တင်ပြသွားမယ်ဆိုတာ ကျနော်တို့ ချစ်လှစွာသော စာဖတ်ပရိသတ်များ ကို ဂတိပြု ပြောကြားလိုပါသည်။

ကျနော်တို့ We Fight We Win ဘလော့ခ်အဖွဲ့ဝင်များ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဖယ်ရှားရေး၊ ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်နိုင်ရေးအတွက် “Campaign for Burma Solidarity” လို့ခေါ်တဲ့ လှုပ်ရှားမှုလုပ်ငန်းစဉ်များ ကို အာရှ နှင့် ဥရောပ နိုင်ငံများမှာ တက်တက်ကြွကြွ ဆောင်ရွက်နေသလို၊ We Fight We Win ဂျာနယ် စာစောင် ကိုလည်း နိုင်ငံအနှံ့ဖြန့်ချီထုတ်ဝေသွားဖို့ ရှိပါတယ် ဆိုတာ သတင်းကောင်းပါးပါရစေ။ ဒီဇင်ဘာလ မှာ ကျနော်တို့ရဲ့ We Fight We Win ဂျာနယ် စာစောင်ကို ဂျပန်နိုင်ငံမှာ စတင်ဖြန့်ချီထုတ်ဝေသွားမယ်ဆိုတာ အသိပေးပါရစေ။

ချစ်စွာသော စာဖတ်ပရိသတ် အပေါင်းတို့ ခင်ဗျာ-

မြန်မာနိုင်ငံ မှာ အုပ်ချုပ်ခဲ့သူတွေရဲ့ သမိုင်းကြောင်းများ ကို ပြန်လည်လေ့လာဆန်းစစ်ကြည့်ရင် ခေတ်တလျောက်လုံး သက်ဦးဆံပိုင်ဘုရင် စံနစ်သာလျှင် ကြီးစိုးမင်းမှုနေခဲ့တယ်။ တနည်းအားဖြင့် အာဏာရှင် စံနစ်သာ ကြီးစိုးခဲ့ကြတယ်။ ဒီစံနစ်ကိုလည်း ပြည်သူတွေက တော်လှန် မနိုင်ခဲ့ဘူး။ ဒီလိုနဲ့ မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက် မှာ အာဏာရှင်တွေ အချင်းချင်းနယ်မြေလုမှု၊ ဘုရင်ရှုးထီးနန်းလုမှုတွေ အောက်မှာ ဆင်းရဲမွဲတေနေခဲ့ရတယ်။ အာဏာရှင်တွေဆိုတဲ့အတိုင်း ငယ်ငယ်လေး ထဲက စစ်တိုက်ဖို့၊ ရန်သူကို ရှာဖွေတိုက်ခိုက်မှု တွေ ကို သာ သိတယ်။ မိတ်ဆွေ ကို ရှာဖွေလေ့မရှိကြဘူး။ လူတိုင်းကို ရန်သူလို မြင်နေကြတယ်။ အာဏာ ရဖို့ အတွက်ဆိုလျှင် အချင်းချင်း၊ ညီအကိုမောင်နှချင်း သတ်ဖြတ်ပြီး အာဏာကို ရယူလေ့ရှိတဲ့ အလေ့အထ ကို သမိုင်းကြောင်းတလျှောက်လုံး ဖြတ်သန်းလာခဲ့ ရတယ်။ ဒီအလေ့အထ ဟာ နအဖ စစ်အုပ်စုရဲ့ အာဏာရှင်တွေ အောက်မှာ ဆက်လက်မြင်တွေ့နေရဆဲပါ။

ဒီအလေ့အထ တနည်းအားဖြင့် အာဏာရှင်စံနစ်ကို ဖယ်ရှားပြစ်ဖို့ ရှစ်လေးလုံး အရေးတော်ပုံဖြင့် ပြည်သူလူထုတရပ်လုံး၊ လူတန်းစား အလွှာအသီးသီးက ပုဂ္ဂိုလ်များ ပါဝင်ပြီး တောင်းဆို တိုက်ပွဲဝင်ခဲ့တာ ဆယ်စုနှစ် ပေါင်းများစွာကျော်လွန်လာခဲ့ပါပြီ။ ရှစ်လေးလုံး က ပေးအပ်လိုက်တဲ့ တာဝန်ဟာ မြန်မာနိုင်ငံမှာ အာဏာရှင်စံနစ် ကို ဖယ်ရှားရေး၊ ဒီမိုကရေစီစံနစ် နည်းမှန်လမ်းမှန် ပေါ်ထွန်းရေးပင်ဖြစ်တယ်။

သန်းရွှေ၊မောင်အေး ဦးဆောင်တဲ့ လက်တဆုတ်စာရှိတဲ့ စစ်ကျွန်ပြုကောင်စီရဲ့ ခေါင်းမာမှု၊ ကိုယ်ကျိုးကြည့် အယူအဆတွေ၊ အာဏာယစ်မှုးနေမှုတွေ ကြောင့် ရှစ်လေးလုံး ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို မရောက်ရှိနိုင်ပဲဖြစ်တယ်။ အခုဆိုရင် ဆက်လက် စစ်ကျွန်ပြုမဲ့ နားဂစ်ဖွဲ့စည်းပုံကို အတည်ပြု၊ ရွေးကောက်ပွဲတရပ် ကိုထပ်မံကျင်းပရင်း အာဏာရှင်စံနစ် ကို ဆက်လက် လျောက်လှမ်းဖို့ ပြင်ဆင်နေကြတယ် ဆိုတာ မြန်မာပြည်သူလူတရပ်လုံးက နားလည်သဘောပေါက် နေကြပါပြီ။

ပြည်သူတွေလိုလားတောင်းဆိုနေတာက ရွေးကောက်ပွဲမဟုတ်။ အာဏာရှင်စံနစ် ကို ဖယ်ရှားရေး၊ ဒီမိုကရေစီစံနစ် ပေါ်ထွန်းရေးပင်ဖြစ်တယ်။ ဒီရည်မှန်းချက်ရောက်ရှိဖို့ နိုင်ငံရေးအရအဖြေရှာပြီး၊ သဘောတူညီမှုတွေရရှိဖို့ တွေ့ဆုံဆွေးနွေးရေး အမြန်ပြုလုပ်ဖို့လိုအပ်တယ်။

ညီအကို မောင်နှမများ ခင်ဗျာ- ဒီလိုတွေ့ဆုံဆွေးနွေး အဖြေရှာမှုမပါပဲ ရွေးကောက်ပွဲ ကို မ၀င်ကြနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ စစ်တပ်က အာဏာသိမ်းလိုက်ခဲ့လို့ဘဲ။ အတိုက်အခံ နိုင်ငံရေး သမားတွေ၊ ကျောင်းသားခေါင်းဆောင် တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေဟာ အကျဉ်းချထားခြင်းခံနေရတယ်။ အတိုက်အခံ ပါတီတွေဟာ ရွေးကောက်ပွဲ မှာ ရှိသင့်တဲ့ တန်းတူညီမျှတဲ့ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်၊ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် တွေ အခုထိ မရှိသေးပါဘူး။ အာဏာရှင် သန်းရွှေ နဲ့ မောင်အေး ဟာ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ် ပြုခဲ့ခြင်း မရှိသေးပါဘူး။

ညီအကို မောင်နှမများ ခင်ဗျာ- အခု ရင်ဆိုင်နေရတဲ့ မြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲဟာ ဒီမိုကရေစီလိုလားတဲ့ မျိုးဆက်သစ်တွေ နဲ့ အာဏာရှင် မျိုးဆက်ဟောင်းတွေရဲ့ အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲ ဖြစ်တယ်။ တနည်းအားဖြင့် အာဏာရှင်စံနစ်ကို ဆုတ်ကိုင်လိုချင်တဲ့ မဆလ၊န၀တ၊နအဖ အောက်မှာ အရောင်အမျိုးမျိုး ပြောင်းနေကြတဲ့ မျိုးဆက်ဟောင်း စစ်ဗိုလ်ချုပ်တွေနဲ့ ဒီမိုကရေစီကို လိုလားသော မျိုးဆက်သစ်တွေ အကြား ရင်ဆိုင်ဖြစ်ပွားနေတဲ့ တိုက်ပွဲဆိုရင်မမှားပါဘူး။ အာဏာရှင် ဦးနေ၀င်း အတွေးအခေါ် ကို နာခံပြီး ကြီးပြင်းလာခဲ့ကြတဲ့ ယနေ့မြန်မာပြည်ကို စစ်ကျွန်ပြုနေကြတဲ့ စစ်အုပ်စုမျိုးဆက်တွေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ရှစ်လေးလုံး အရေးတော်ပုံ က တာဝန်ပေးအပ်ခြင်း ခံလိုက်ရတဲ့ မျိုးဆက်သစ်လူငယ်တွေ အကြားမို့ ရေရှည်တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ မျိုးဆက်သစ်တွေ အင်အားရှိဖို့လိုတယ်။ မိမိတို့ လုပ်ရပ်တွေ အပေါ် ယုံကြည်ချက် ရှိဖို့လိုတယ်။ အာဏာရှင်စံနစ် ကို ဆုတ်ကိုင်လိုချင်တဲ့ မဆလ၊ န၀တ၊ နအဖ အောက်မှာ အရောင်အမျိုးမျိုး ပြောင်းနေကြတဲ့ မျိုးဆက်ဟောင်း တွေဟာ တနေ့မှာ ခွေးသေကောင်ပုပ်တွေလို လမ်းဘေးမှာ နိဂုံးချုပ်ရလိမ့်မယ် ဆိုတာ ကျနော်တို့ ယုံကြည်တယ်။

ကျနော်တို့ခေတ်မှာ ခါးသီးပြီး ကြေကွဲဖွယ်တွေပြည့်နေတဲ့ စစ်ကျွန်စံနစ်ကို ဖြတ်သန်းခဲ့ရပေမဲ့ ၊ ကျနော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ်လူငယ်တွေကို ဒီလို ခါးသီးဖို့ကောင်းတဲ့ စစ်ကျွန်စံနစ်၊ အာဏာရှင်စံနစ် ကို မဖြတ်သန်းရအောင် တိုက်ပွဲဝင်ကြဖို့လိုတယ်။

ရှစ်လေးလုံး အရေးတော်ပုံ က ဖြစ်ပေါ်လာတဲ့ တိုးတက်မှုတွေက ဘာလဲ။ ကျနော်တို့ မှာ လူထုခေါင်းဆောင်တွေ၊ တိုက်ပွဲခေါင်းဆောင်တွေ ၊ နိုင်ငံတကာ မှာ ရောက်ရှိ ပညာ သင်ကြားခွင့်ရခဲ့တဲ့ တောက်ပနေတဲ့ လူငယ်ခေါင်းဆောင်တွေ ထောင်းနဲ့ချီပေါ်ထွန်းလာခဲ့ပါပြီ။ အခုဆိုရင် အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ ရုရှား၊ ဂျပန်၊ စင်္ကာပူ၊ ကိုရီးယား၊ ဒူဘိုင်း၊ အိန္ဒိယ၊ ထိုင်ဝမ်း၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှား၊ အစ္စရေး၊ သြစတေးလျား အပါအ၀င် ဥရောပ နှင့် အာရှနိုင်ငံတွေ မှာ မြန်မာပြည် အနာဂတ် ခေါင်းဆောင်တွေ ဖြစ်လာကြမဲ့ လူငယ်တွေဟာ မြန်မာနိုင်ငံကြီးကို ဒီမိုကရေစီပေါ်ထွန်းရေး၊ တိုင်းပြည်ပြန်လည် ထူထောင်ရေး တွေ အတွက် အဆင်သင့်ဖြစ်နေကြပါပြီ။ သူတို့သာလျှင် သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းဆောင်ကြရမဲ့ အနာဂတ် တိုင်းပြည် ခေါင်းဆောင် တွေ ဖြစ်ကြတယ်။

လူတစ်ယောက်ရဲ့ တန်ဘိုးဟာ သူဖြတ်သန်းနေတဲ့ သမိုင်းမှာ သူဘယ်လောက် တာဝန်ကြေ အောင်ထမ်းဆောင်ခဲ့သလဲ ဆိုတာနဲ့ တိုင်းတာ တယ်လို့ မှာကြားခဲ့တဲ့ စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စကားအတိုင်း လူငယ်တွေ အားလုံး သူတို့ ဖြတ်သန်းနေတဲ့ သမိုင်းက တောင်းဆိုနေတဲ့ စစ်အာဏာရှင်ဖယ်ရှားရေး၊ ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာရေး ဆိုတဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ကြပါလို့ တိုက်တွန်းပါရစေ။

ညီအကို မောင်နှမများ ခင်ဗျာ- Freedom Isn’t Free ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လွတ်လပ်ရေးဆိုတာ ဒီအတိုင်း လွယ်လင့်တကူ ရမှာ မဟုတ်ပါဘူး။ ကျနော်တို့ အားလုံး ရောက်ရာနေရာကနေ၊ တက်နိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း မတရားမှုမှန်သမျှကို ဖော်ထုတ်ပြီး၊ အာဏာရှင်မှန်သမျှ ရဲဝန့် စွာ ဆန့်ကျင်ကြ၊ လွတ်လပ်မှုအတွက် အစွမ်းကုန် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။

"We Fight We Win"









1 comment :

တစ်နိုင်စံ said...

ဒီ video နဲ့ ဒီ post ကို အချိန် အတိုင်းအတာ တရပ် အထိ
ဒါမှမဟုတ် အာဏာရှင်စနစ် ကျဆုံသွာတဲ့အထိ ဒီ blog ရဲ့ ထိပ်ဆုံးမှာ တင်ထားစေချင်တယ်။