Tuesday 19 January 2010

ထိုင်းနိုင်ငံရေးတစေ့တစောင်း


ဝန်ကြီးချုပ် အာဘီဆစ် နှင့် ရွေးချယ် ခန့်အပ်ခြင်းခံခဲ့ရသော ထိုင်းဝန်ကြီးအဖွဲ့ဝင်သစ် ၅ ဦး

-အောင်မိုး/ဂျေရာပွန်သော်မဆင်-
ဘန်ကောက်

ထိုင်းအစိုးရ ၀န်ကြီးအချို့ ဟာ လာဘ်ပေးလာဘ်ယူမှုများ၊ အကျင့်ပျက်ခြစားမှုများ ရှိခဲ့တယ်လို့ အစွပ်စွဲ တိုက်ခိုက်ခံရပြီးနောက် ထိုင်းအစိုးရအတွင်း အပြောင်းအလဲတွေကို မနေ့က တရားဝင်ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အစိုးရသစ်အတွင်း အမျိုးသမီးဝန်ကြီး တယောက်အပါအ၀င် စုစုပေါင်း ၀န်ကြီးအသစ် ၅ ယောက်ဖြင့် အစားထိုးခန့်အပ်ခဲ့ကြောင်းကြားသိရပါသည်။

အစွပ်စွဲ ခံခဲ့ရတဲ့ ဒုတိယ၀န်ကြီးချုပ် အပါအ၀င် ၀န်ကြီးတချို့ဟာ ရာထူးကနေ ထုတ်ပယ်ခံရခြင်း၊ နုတ်ထွက်ခြင်းများ ရှိခဲ့တာကို ထိုင်းနိုင်ငံထုတ် သတင်းစာများ၊ ရုပ်မြင်သံကြားများမှာ ထိုင်းပြည်သူများ သိရှိအောင် အကျယ်တ၀င့် ထုတ်ဖော်ပြသခဲ့ကြပါသည်။ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတဲ့ ၀န်ကြီးများဟာ ငယ်ရွယ်သူများ ဖြစ်ကြပြီး၊ ထိုင်းဘုရင်မင်းမြတ် ရှေ့မှာ ကျမ်းသစ္စာခံယူ ခဲ့ကြကြောင်း သိရှိရပါသည်။ ထိုင်းဘုရင်မင်းမြတ် က ၀န်ကြီးသစ် ရာထူးကို ထမ်းဆောင် ကြမည့်သူများကို တိုင်းပြည် ကြီးပွားတိုးတက်မှုရှိဖို့ နှင့် ပြည်သူတွေရဲ့ လေးစားမှုခံရအောင် ရိုးသားစွာဖြင့် ပေးထားသည့် ဂတိစကားအတိုင်း တာဝန်ထမ်းဆောင် ကြဖို့ မှာကြားခဲ့ပြီး၊ ထိုင်းအစိုးရ၀န်ကြီးအဖွဲ့သစ်ကို ထောက်ခံအတည်ပြုချက်ပေးခဲ့ပါသည်။

တခြားတဖက်မှာ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ကို ထောက်ခံသူများက ဘုရင်အတိုင်ပင်ခံ အဖွဲ့ရုံးခန်း ရှေ့လာရောက်ပြီး ဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဌဗိုလ်ချုပ်ကြီး ပရင်တင် ဆူလာနွန်ဒါ နှင့် ဘုရင့်အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင် ဆူရာရွတ်ချုလာနော့ထ် တို့ကို ဘက်လိုက်ဆုံးဖြတ်မှု တွေကြောင့် ရာထူးမှနုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရပါသည်။ ယင်းဆန္ဒပြမှုနောက်ကွယ်မှာ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် က ငွေပေး ကြိုးကိုင်လှုပ်ရှားနေပြီး၊ ထိုင်းနိုင်ငံရေးကို မတည်ငြိမ်အောင် ပြုလုပ်နေကြောင်း ထိုင်းအစိုးရ က စွပ်စွဲခဲ့တယ်။

ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ဟာ သန်းချီ ငွေကြေးအမြောက်အများသုံးစွဲပြီး ထိုင်းနိုင်ငံအတွင်း ဘုရင်စံနစ်ကိုပါ ဖြိုချဖို့ နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေကြောင်း ထိုင်းနိုင်ငံရေး သုတေသီများက သုံးသပ်ပြောဆိုနေကြကြောင်းကြားသိရပါသည်။

No comments :