Thursday 26 April 2012

နွေရာသီရောဂါ ( ကျော်သူ )


 
ဒီအချိန်ရောက်လာရင်ကျွန်တော်စိတ်တွေ ဖောက်ဖောက်လာတယ်ဆိုတဲ့စကားအတိုင်းဒီအချိန်၊ ဒီရာသီရောက်လာချိန်မှာပူပြင်းသော နွေရာသီ၏ အပူဒဏ်ကြောင့် သောက်/သုံးရေရှားပါးမှုဖြစ်ပေါ်မှုများကိုရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ခနောင်ရွာမကျေးရွာအုပ်စု၊ ခနောင်ချောင်းဝကျေးရွာ၊ မီးခြစ်ဆံကျေးရွာအရှေ့/နောက်သုံးရွာမှ သောက်သုံးရေကန်များခန်းခြောက်ပြီးသောက်သုံးရေအခက်အခဲများရှိနေကြောင်းနာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၂၂.၄.၂၀၁၂ ရက်နေ့တွင် ဒေသခံတို့မှ ဆက်သွယ်၍ အကူအညီတောင်းခံလာခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၃.၄.၂၀၁၂ ရက်နေ့တွင် အလုပ်အမှုဆောင် တစ်ဦးဖြစ်သူဦးတင်မောင်အေးဦးဆောင်ကာအသင်းသားများသည် အထက်ပါကျေးရွာသို့ သွားရောက်၍ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ၂၅.၄.၂၀၁၂ ရက်နေ့တွင် ဆက်လက်၍ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားများဖြစ်ကြသောဦးအောင်စိုး၊ ဦးထူးညွှန့်မော်၊ ဦးအောင်သူရတို့သည် နံနက် (၆း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်မှ ပန်းဆိုးတန်းလမ်းဆိပ်ကမ်းမှ စက်သဗ္ဗာန် စင်းလုံးငှားရမ်းကာရေဂါလံ (၄၅၀၀/၅၀၀၀) ခန့် သဗ္ဗာန်၏ဝမ်းဗိုက်တွင်းသို့ သောက်/သုံးရေများတင်ဆောင်ပြီးဒလမြို့နယ်ရှိ ရေဘေးဒုက္ခသည်များထံသို့ အမြန်ဆုံးသွာရောက်၍ စက်သဗ္ဗာန်ပေါ်မှ သောက်/သုံးရေများအားကျေးရွာရှိ ယာယီရေလှောင်ကန်တစ်ခုတည်ဆောက်၍ ဒေသခံ ရွာသူ/သားများ၏ အကူအညီများဖြင့် တစ်ဦးလျှင် (၂) ထမ်းနှုန်းဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်ကာ လှူဒါန်းဝေငှပေးခဲ့သည်။ ကျေးရွာရှိ သက်ကြီးရွယ်အိုများ၏ နေအိမ်များသို့ အသင်းသားများတို့မှ ကိုယ်တိုင်အိမ်တိုင်ရာရောက် သယ်ယူပို့ဆောင် ကူညီပေးခဲ့ကြသည်။ထပ်မံ၍ တစ်ပါတ်လျှင် (၃) ကြိမ်သွားရောက်ကာရေလှူဒါန်းမှုများကိုဆက်လက်လုပ်ကိုင်မည်ဖြစ်ပြီးကျေးရွာတွင်လည်းခိုင်ခံသောအုတ်ရေလှောင်ကန် ကြီးတည်ဆောက်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ ထို့ကြောင့် ဤအချိန် ဤကာလသို့ရောက်လာလျှင် ရေလှူဒါန်းလိုသူအလှူရှင်များအနေဖြင့် ကျေးရွာရှိ အုတ်ရေလှောင်ကန်ကြီးတွင် သွားရောက်၍ သောက်/ သုံးရေများ လှူဒါန်းနိုင်မည်ဖြစ်တော့သည်။ဒလမြို့နယ်တစ်ဝိုက်ရှိ ကျေးရွာများတွင် အဝီစိရေတွင်းများကိုနာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်တူးဖော်မှုများ ပြုလုပ်ခဲ့ရာတွင် ရေချိုထွက်ရှိခြင်းလုံးဝမရှိ ချေ။ သုံးရေအတွက်သာ ရရှိခဲ့သည်။ ထို့ပြင် မြန်မာပြည်အရပ်ရပ်ရှိ အချို့မြို့နယ်၊ ကျေးရွာများတွင်လည်းရေရှားပါးမှုများဤအချိန် ဤကာလတွင် ကြုံတွေ့ခံစားနေရသည်။ ထို့ကြောင့် သောက်သုံးရေအတွက် များစွာအရေးတကြီးလိုအပ်နေပါကြောင်းရေလှူဒါန်းလိုသူအလှူရှင်များအားတိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
ကျော်သူ 

No comments :