တိုင်းပြည်ကို ချစ်မြတ်နိုးပြီး စွန့်လွှတ် အနစ်နာခံတဲ့သူတွေနဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ သူတွေက ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမျိုးသား အကျိုးစီးပွားကို မကြည့်ဘဲ ကိုယ့်အကျိုးစီးပွား သက်သက်ကို ကြည့်ပြီး အခြေအနေကို လေ့လာ အခွင့်အရေးကို အရယူဆိုတဲ့ စီးပွားရေး ခရိုနီတွေဟာလည်း ကျနော်တို့ နိုင်ငံသားတွေ ပခုံးထက်က နတ်ဆိုးတွေပဲ ဖြစ်ပါတယ်။
ခေတ်စနစ်တိုင်းမှာ အခွင့်အရေးသမားဆိုတာ နေရာအနှံ့ လုပ်ငန်းရပ်အသီးသီးမှာ ပေါ်ပေါက်လာကြစမြဲပါပဲ။ အာဏာကို လက်လွှတ်လိုက်ရတဲ့ အစိုးရတွေ ကလည်း နောက်ဆုံးပိတ် အိတ်နဲ့လွယ် လုပ်လုပ်သွားခဲ့ကြတာကလည်း ကမ္ဘာ့ အနှံ့အ ပြားမှာပါပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရအဖြစ် တာဝန်ယူခဲ့တာ ၁ နှစ်ခွဲကာလကို ရောက်ရှိခဲ့ ပါပြီ။ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံတွေက ပိတ်ဆို့မှု အ တော်များများကိုလည်း ဖြေလျှော့ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ယနေ့အထိ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထိထိရောက်ရောက် မ၀င်လာ နိုင်သေးတာ၊ စီးပွားရေးတိုးတက်မှု အညွှန်းကိန်း မြင့်တက်မလာသေးတာတွေ ပကတိအရှိတရား ဖြစ်ပါတယ်။ တချို့EU နိုင်ငံတွေဆိုရင် ပိတ်ဆို့မှု ရုပ်သိမ်းပြီးတဲ့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြဖို့ လုပ်ငန်းရှင်တွေကို တိုက်တွန်း လှုံ့ဆော် နေတာတောင် တွေ့ရပါတယ်။ ဒီလို အခြေအနေမှာ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အတားအဆီး လုပ်နေတဲ့ နတ်ဆိုးတွေကို တွေ့ရတော့တာပါပဲ။
ဥပမာ စီးပွားရေး လုပ်ငန်းတစ်ခုကို ရှင်းပြချင်ပါတယ်။ မြန်မာနိုင်ငံမှာ တည်ဆောက်ရေး လုပ်ငန်းများအတွက် နှစ်စဉ် ပြည်ပမှ တင်သွင်းနေရတဲ့ ဘိလပ်မြေ လိုအပ်ချက်ဟာ တန်ချိန် ၆ သန်းခန့် ရှိပါတယ်။ ဒါဟာ နှစ်စဉ် လိုအပ်ချက်ဖြစ်ပြီး ပြည်ပကနေ တင်သွင်းနေရတာပါ။ ဒါဆိုရင် မေးစရာရှိပါတယ်။ ပြည်တွင်းမှာ ဘိလပ်မြေ မထုတ်လုပ်နိုင်လို့လား။ ထုတ် လုပ်စရာ ကုန်ကြမ်းမရှိလို့လား။ ရင်းနှီးမြုပ်နှံဖို့ ဘဏ္ဍာရေး အခက်အခဲကြောင့်လား။
ဒီမေးခွန်းတွေကို ဖြေရရင် ၀မ်းနည်း စရာ ကောင်းပါတယ်။ အခုလို အစိုးရ အကူးအပြောင်း ကာလတစ်ခုမှာ ပြည်တွင်းက လုပ်ငန်းရှင် အမည်ခံထားတဲ့ ခရိုနီ တချို့ဟာ ဘိလပ်မြေကုန်ကြမ်းဖြစ်တဲ့ ထုံးကျောက်တောင်တွေကို ဘိလပ်မြေစက်ရုံ တည်ဆောက်ပါမယ်ဆိုပြီး ခပ်တည် တည်နဲ့ စာချုပ်တွေချုပ် စီးပွားရေး ဖျာခင်းထားလိုက်ပါတယ်။ စာချုပ်ချုပ်ထားတာက အရင် အစိုးရလက်ထက်ကတည်း ကဖြစ်ပြီး ဒီနေ့ အချိန်အထိ လုပ်ငန်းအကောင်အထည်ဖော်ခြင်းလည်း မရှိဘူး။ စာချုပ်ချုပ်ထားတဲ့ လုပ်ငန်းရှင်ကလည်း ကိုယ်လျှောက်ထားတဲ့ ထုံးကျောက်တောင် ဘယ်နေရာမှာ နေမှန်းတောင် မသိပါဘူး။ တခါမှလည်း သွားမကြည့်ကြပါ ဘူး။ ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် ဘိလပ်မြေထုတ်ဖို့ ထုံး ကျောက် တူးဖော်ထုတ်လုပ်ခွင့် ပါမစ်တွေကတော့ သူတို့ လက်ထဲမှာပါ။
သူတို့က တူးဖော်ခွင့် ပါမစ် ယူထားပြီး ဟိုလူနဲ့ ပိုင်တယ်၊ ဒီလူ့သားသမီးတွေ လုပ်ငန်းထဲမှာ အစုစပ်ပိုင်တယ်ဆိုတဲ့ သ တင်းတွေကို ထုတ်လုပ်လွှင့်ပြီး ဒီနေ့ ဒီအချိန်အထိ ဘာတခုမှ မထုတ်လုပ်ဘဲ အခွင့်အရေးကို ထိုင်စောင့်နေတာ ဖြစ်ပါ တယ်။ ဒီလို ရပ်ထားတော့ သက်ဆိုင်ရာဝန်ကြီးဌာနမှာလည်း ဘာတိုးတက်မှုမှ မရှိပါဘူး။ ဘာဝင်ငွေမှလည်း မရှိပါဘူး။ ဖြစ်ရပ်တခုကို တင်ပြရရင် လွန်ခဲ့တဲ့ ၃ လလောက်က အင်ဒိုနီးရှားနိုင်ငံက ဘိလပ်မြေစက်ရုံ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံလို တဲ့ ကုမ္ပဏီတခုက ဆက်သွယ်ပြီး ရောက်လာပါတယ်။ နောက်ဆုံး ဘိလပ်မြေ ထုတ်လုပ်နိုင်တဲ့ ထုံးကျောက်တောင် နေရာတခုကို လေ့လာတွေ့ရှိခဲ့ကြတယ်။ ဒါနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနကို တင်ပြလျှောက်ထားလိုက်တဲ့အခါ ၀န်ကြီးဌာန က အကြောင်းပြန်ကြားလာပါတယ်။ အဲဒီနေရာကို ပြည်တွင်း ကုမ္ပဏီတစ်ခုက ထုံးကျောက်ထုတ်လုပ်ခွင့် ပါမစ်ယူထား ပြီး စာချုပ်ချုပ်ထားပြီး ဖြစ်ပါတယ်တဲ့။ ပုံမှန်ကတော့ စာချုပ်ချုပ်ပြီးပြီးချင်း ၆ လအတွင်း ထုံးကျောက်ထုတ်လုပ်မှုကို ပြသ ရမှာဖြစ်ပြီး ၀န်ကြီးဌာနကိုလည်း အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ၁ နှစ်ကြာပြီး သည့်တိုင် ဘာကုန်ကြမ်း မှလည်း မထုတ်လုပ်သလို ၀န်ကြီးဌာနကိုလည်း ဘာဝင်ငွေအခွန်မှ ဆောင်ထားခြင်း မရှိပါဘူး။ ၀န်ကြီးဌာနလည်း အကျိုး အမြတ် မရှိသလို နိုင်ငံတော်အတွက်လည်း အလွန်နစ်နာရပါတယ်။
စုံစမ်းကြည့်လိုက်တော့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ဖြစ်နေပါသတဲ့။ ၀န်ကြီးဌာနက ကုမ္ပဏီကို အမြန်အကောင် အထည်ဖော်ပါ၊ မဖော်ရင် လုပ်ကွက်ကို ပြန်အပ်ပါလို့ အကြောင်းကြားတော့လည်း ဘာမှမတုံ့ပြန်ပါဘူး။ တကယ် လုပ် ကိုင်ချင်တဲ့ ကုမ္ပဏီတွေရှိကြောင်း ပြောတော့လည်း အေးအေးဆေးဆေးပါပဲတဲ့။ အချိန်တန်ရင် သက်တမ်း တိုးပေးလိုက် ရတာပါပဲ။ နောက်ဆုံး ဘိလပ်မြေ အမှန်တကယ် ထုတ်လုပ်ချင်တဲ့ အင်ဒိုနီးရှား ကုမ္ပဏီက တာဝန်ရှိသူတွေက သူတို့ လက်ထဲမှာ ပါမစ်ရှိနေရင် သူတို့နဲ့သွားပြီး ဆွေးနွေးမယ်ဆိုပြီး သွားကြပါတယ်။ အဲဒီအခါ ကြိုတင် ဖျာခင်းထားတဲ့ ပြည် တွင်း ကုမ္ပဏီက ပါမစ်ကို လိုချင်ရင် ဒေါ်လာ ၃ သန်း ပေးရမယ်လို့ တောင်းပါလေရော။ အဲဒီအခါမှာ အင်ဒိုနီးရှား ကုမ္ပဏီ က အံ့သြပြီး နောက်ဆုတ်သွားခဲ့ပါတယ်။
အံ့လည်း အံ့သြ၊ ကြောက်လည်း ကြောက်နေမှာပေါ့လေ။ အဲဒီ အင်ဒိုနီးရှား ကုမ္ပဏီ ဥက္ကဋ္ဌက သူတို့နိုင်ငံမှာလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ဒီလို ဖျာခင်းတဲ့အဖြစ်တွေ ရှိခဲ့ပေမယ့် အစိုးရက ထိ ထိရောက်ရောက် အရေးယူခဲ့လို့ အချိန်တိုအတွင်းမှာ ပပျောက်သွားခဲ့တယ်လို့လည်း ပြောသွားခဲ့ပါတယ်။ ဒါကြောင့် ပြည် ပက FDI လို့ ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အင်ဒိုနီးရှားကို အဆင်ပြေပြေနဲ့ ၀င်လာနိုင်ပြီး တိုးတက်မှု မြန်ဆန်ခဲ့တာ ဖြစ်ပါ တယ်။ ခုတော့ တပ်ခေါက်သွားရှာတဲ့ အင်ဒိုနီးရှား ဘိလပ်မြေ ကုမ္ပဏီနဲ့အတူ သူတို့ ရင်းနှီးမြုပ်နှံမှုတွေလည်း ပြန်ထွက် သွားပါတော့တယ်။ ဒီဖြစ်ရပ်ကြောင့် ဘယ်သူတွေ နစ်နာခဲ့ပါသလဲ။ ဘယ်သူတွေ အခွင့်အရေး လက်လွတ်ခဲ့ရပါသလဲ။
ကြိုတင် ဖျာခင်းထားပြီး FDI ကို ရောင်းစားမယ့် ကုမ္ပဏီကတော့ အေးအေးဆေးဆေး ထိုင်စောင့်နေပါတယ်။ သူတို့က တော့ ကျနော်တို့ နိုင်ငံသားတွေ ပခုံးထက်က နတ်ဆိုးတွေပါပဲ။
နောက်ပြီး ဖျာခင်းတဲ့ ဇာတ်လမ်း တခုကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ မြေလွတ်မြေရိုင်းတွေ လျှောက် ကြပါတယ်။ နိုင်ငံတော်အတွက် ဒေါ်လာငွေ သန်းချီ ရှာပေးနိုင်မယ့် ကျွန်းသစ်တွေ၊ ရာဘာတွေ စိုက်ကြမယ်ပေါ့။ တ ကယ့်ကို လေးစားအထင်ကြီးချင်စရာပါ။ အရင် အစိုးရလက်ထက်က ဒေသအာဏာပိုင်တွေ အဆင့်ဆင့်ရဲ့ ထောက်ခံ ချက် အမျိုးမျိုးနဲ့ သစ်တောရေးရာ ၀န်ကြီးဌာနက နှစ်ပေါင်း ၃၀ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် စာချုပ်တွေ ချုပ်ကြတာပေါ့။ နိုင်ငံတော်ကို သက်ဆိုင်ရာ ကုမ္ပဏီက ပေးသွင်းရတဲ့ အခွန်ငွေကိုလည်း ကြည့်ကြပါဦး။ မြေလွတ်မြေရိုင်း တဧကကို တနှစ် ကျပ် ၅၀၀ တဲ့။ အပေါစား အချိုရည် ၁ ပုလင်းစာ တန်ဖိုးလောက်ပဲ ရှိပါတယ်။ ဘာပြောကောင်းမလဲ။ အင်အားကြီး မားပြီး ပေါက်ရောက်တဲ့ ကုမ္ပဏီကြီးတွေက ဖျာဝင်ခင်းလိုက်ကြတာပေါ့။ သာမန် နိုင်ငံသားတွေရဲ့ ကုမ္ပဏီတွေက မရကြ ရှာပါဘူး။ နိုင်ငံသားတွေလည်း သေသေချာချာ မသိလိုက်ဘူး။
အစိုးရပိုင်းနဲ့ အကျွမ်းတ၀င်ရှိတဲ့ ကုမ္ပဏီကြီးတွေက မြေဧက သိန်းနဲ့ချီပြီး ယူထားလိုက်ကြပါတယ်။ ယူထားပြီးတော့ သူတို့က ဘာတွေဆက်လုပ်ကြသလဲ။ လေ့လာကြည့်ကြရအောင်။
ပထမဆုံး မြေရှင်းတယ်ဆိုပြီး ယူထားတဲ့ မြေလွတ်မြေရိုင်းတွေပေါ်မှာ ပေါက်ရောက်နေတဲ့ သစ်ပင်တွေကို ခုတ်လိုက်ပါ တယ်။ သစ်ညံ့ သစ်ဖျင်းတွေပေါ့။ ပြီးတော့ တရားမ၀င်ရယူထားတဲ့ သစ်အကောင်းစားနဲ့ အလဲအလှယ်လုပ်ပြီး သက်ဆိုင် ရာကို တင်ပြတယ်။ ဒီမြေကွက်ကို ရှင်းလိုက်တဲ့အခါမှာ ဒီသစ်တွေခုတ်လို့ ရပါတယ်ဆိုပြီး တရားဝင်အောင် လုပ်လိုက် တယ်။ ပြီးတော့မှ မြေရှင်းတဲ့နေရာကထွက်တဲ့ သစ်တွေပါဆိုပြီး နိုင်ငံခြားအထိ Export လုပ်လိုက်ကြတယ်။ အမှန်တ ကယ် အစိုးရကိုပေးရတဲ့ အခွန်ကတော့ တနှစ် တဧကကို အချိုရည်တပုလင်းစာ ပါပဲ။ သိပ်ကို လှပတဲ့ ဇာတ်လမ်းတခု ပေါ့။
ကြိုတင် ဖျာခင်းပြီး ယူထားတဲ့ ဧကသိန်းသောင်းတွေအနက် ဆယ်ဂဏန်း၊ ရာဂဏန်းလောက်ကို သစ်ပင် စိုက်ပြလိုက်ပါ တယ်။ စိုက်တဲ့နေရာကိုလည်း လူသူ အတွေ့များမယ့် နေရာတွေကို သေသေချာချာ ရွေးချယ်ထားပါတယ်။ လမ်းဘေး ၀ဲယာကို ပိုပြီး စိုက်ပြတယ်။ ဆိုင်းဘုတ်တွေ ထောင်ပြီး show ပြတယ်။ ဘယ်သူက မှလည်း မစစ်ဆေးဘူးလေ။ စစ်ဆေး မယ့် လူတွေဆီကိုလည်း ကြိုတင် ၀င်ထားပြီး ပြီကိုး။
တကယ်တော့ နိုင်ငံသားအားလုံးရဲ့ ပိုင်ဆိုင်ရာ အစိတ်အပိုင်းတခုကို လူတဦးတယောက်ထံသို့ မင်းလုပ်ချင်ရင်လုပ်တော့ ဆိုပြီး ပေးထားလိုက်သလိုပါပဲ။ Proposal ထဲမှာတော့ ဘယ်နှနှစ်အတွင်း ဧက ဘယ်လောက် စိုက်ရမယ်၊ ဘာအမျိုးအ စား သစ်ပင်တွေ စိုက်ရမယ်ဆိုပြီး ညွှန်ကြားထားတာပါ။
အခုလို ပွင့်လင်းလာခါစ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်းမှာ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေလာတော့ လုပ်စ ရာ၊ ပေးစရာ မြေကမရှိတော့ဘူး။ စိုက်စရာ မြေလည်း မရှိတော့ဘူး။ တကယ် စီးပွားရေးလုပ်ချင်လို့လာတဲ့ ကုမ္ပဏီတွေ က အလုပ်လုပ်ချင်ရင် သူတို့ကို ပါမစ်ကြေး ဒေါ်လာသန်းချီ ပေးပါတော့လို့ အဓိပ်္ပာယ် ဆောင်နေပါတယ်။ ဒီအတိုင်းဆိုရင် ကျနော်တို့ နိုင်ငံကို ဘယ်သူက ရင်းနှီးမြှုပ်နှံမှာလဲဆိုတဲ့ မေးခွန်းကိုတော့ တိတိကျကျ ဖြေဆိုပေးနိုင်မယ့်သူ မရှိသေးပါ ဘူး။
ပြည်တွင်းက တိုင်းရင်းသား လုပ်ငန်းရှင်တွေကို အစိုးရက စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် အားပေးရမယ်ဆိုတဲ့ မူဝါ ဒရှိပေမယ့် တိုင်းရင်းသား လုပ်ငန်းရှင်တွေက ဂုဏ်သိက်္ခာရှိဖို့ လိုပါမယ်။ နောက်တစ်ချက်က နိုင်ငံနဲ့ လူမျိုးကို ချစ်မြတ်နိုး ဖို့ လိုပါမယ်။ အခုတော့ ဥပဒေကိုလှည့်စားပြီး ကိုယ့်ရဲ့ ဥစ္စာဓနကို ပိုပြီးတိုးတက်လာဖို့ သက်သက်ကိုပဲ ကြိုးစားနေကြ တာကို ကြည့်ရင်း ရင်နာရပါတယ်။
နောက် တနှစ်အတွင်း တရားမျှတတဲ့ စီးပွားရေး ဒီမိုကရေစီကို မဖော်ဆောင်နိုင်ရင် နိုင်ငံတကာက အယုံအကြည်မဲ့သွား မှာ ကျိန်းသေပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း အခြေခံ အဆောက်အအုံတွေ ကောင်းလာတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီယား တွေဆီ ဦးလှည့်သွားကြမှာ ဖြစ်ပါတယ်။
တိုင်းပြည်ကပိုင်တဲ့ မြေနေရာတွေကို ဖျာခင်းပြီး စောင့်နေကြတဲ့ အခွင့်အရေးသမားတွေကတော့ နိုင်ငံသားတွေရဲ့ ပခုံး ထက်က နတ်ဆိုးတွေအဖြစ် ကျနော်ကတော့ ညွှန်းဆိုလိုက်ချင်ပါတယ်။
ဇော်သက်ထွေး
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၂၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၂)
No comments :
Post a Comment