အရှေ့ကို လျှောက်ပါလို့ …အနောက်ကိုတဲ့-မျှော်လိုက်ရင် ( ၄ )
by Khun Saing on Friday, February 15, 2013 at 3:57pm ·
မြန်မာတွေ ကလေးချစ်ပုံက
အေးမအဖို့- “…ချိုအေးမွှေးကွမ်းယာ…” -ဆိုင်းဘုတ်လေးကိုကြည့်ရင်းတလှည့်။ သူ့လက်ချောင်းလေးတွေကိုစမ်းရင်းတလှည့် ခုရက်ထဲအဖိုးကိုပြန်သတိရနေမိတယ်။ အဖိုးသာရှိသေးရင်တော့ တခုခုပြောဖြစ်မယ်ထင်တယ်။
“မိန်းခလေးပဲ သေစာရှင်စာတတ်- ပြီးရောပေါ့ ငါ့မြေးရယ် ” ဆိုတဲ့ အဖိုးပြောခဲ့တာကို အလိုမကျပေမယ့် ခလေးဆိုတော့-သူနားထောင်ခဲ့ရတယ် ။ အဖိုးကသူ့မြေးမကို-ရွာကနေ နဲနဲလှမ်းတဲ့ မြို့ကျောင်း အသွားအပြန်ကို မလုပ်စေချင်ခဲ့ဘူး။ ဒီလိုဒီအကြောင်းကြောင့်သူ ကျောင်းနဲ့စောစောဝေးသွားတယ်။ နွားစာစင်း၊ထင်းခွေ၊ရေခတ်ရင်းကအရွယ်ရောက်။အပျိုအရွယ်ဖြစ်လာတော့လည်း ကောက်စိုက်၊ပျိုးနှုတ်၊ ကောက်ရိတ်-လက်စားလိုက်ခဲ့ရင်းကုန်လွန်ကြီးပြင်းခဲ့တဲ့နေရက့်တွေ။
သူ့အကိုကြီးအောင်ချမ်း ကော ဘာထူးမလဲ။ငယ်ငယ်ရွယ်ရွယ်နဲ့ အဖိုးလယ်၊ အဖေကိုင်းကိုကူရင်း လယ်ထဲကိုင်းထဲအချိန်ကုန်ခဲ့ရရှာတာပဲ။ခုလိုရွာကလုပ်ငန်းတွေမကောင်းတော့လို့မြို့ကပ်လာတော့မြို့သားခေါ်နိုင်လို့လား။
တနေတာသူ့အကိုကြီးဆိုက်ကားနင်းဘို့အိမ်ကမထွက်ခင် ကွမ်းယာတထုတ်ဆေးလိပ်တစည်းအဆင်သင့်ဖြစ်နေရဘို့ကအေးမရဲ့တာဝန်။ သူ့ကွမ်းယာဆိုင်ရဲ့အဦးဆုံးဖေါက်သည် ဆိုတာသူ့အကိုကြီး။သူရှာတဲ့အရင်း-သူပဲပြန်သုံးနေတဲ့အကိုကြီး။
“ အဖွားရေ -အဖွားမြေးက အဖွားလိုပဲကွမ်းကြိုက်။ ဆေးလိပ်ကြိုက် ”
အေးမရွာပြန်တိုင်း အဖွားကို-တိုင်ပြောပြောမိတယ်။ငယ်ငယ်က တည်းက အဖွားကသူ့မြေးအချစ်တော်ကို သူ မြုံ့ဝါးနေတဲ့ ကွမ်းတွေ ခွံ့နေကြ။ကွမ်းနဲ့ရင်းနှီးခဲ့ပြီးသားဆိုတော့ဘာပြောမှာလဲ။ သူ့မြေးကလည်း အဖွားအတွက်ဆိုငယ်ငယ်ကတည်းက ဆေးလိပ်မီးညှိပေးတဲ့နေရာကအစ-ဖင်ပေါ့မှပေါ့။ဒါမှ လည်း အဖွား ရှင်မီးအင်္ကျီ ထဲကအကြွေစေ့လေးတွေ မှန်မှန်ထွက်ုမယ်မဟုတ်လား။
“ အကိုကြီး ဆေးလိပ်သောက်တာ-လျော့တော့။ချောင်းကတခွတ်ခွတ်နဲ့ ” ပြောရင်-
“ အေးပါ-ငါ့ညီမလေးရယ်” လို့တခွန်းပြန်ပြောမယ်။ပြီးရင်ခါတိုင်းလိုပဲကွမ်းတထုတ်၊ဆေးလိပ်တထွေး ပုဆိုးခါးပုံကြားလိပ်ရင်း ထွက်သွားမှာပဲ။ ပြန်လာရင်တော့ ညနက် ပြီမှတ် ။ ထွေနေလိမ့်မယ်။
“သိတ်မသောက်ပါနဲ့လို့ပြောရင်” “ ပင်ပန်းလို့ပါညီမလေး ” လို့ ဆင်ခြေကန်လိမ့်မယ်။ ဆင်ခြေကအစအဖေနဲ့တူတာ။
ညက အကိုကြီးပြန်လာတော့ အေးမ ပြောလိုက်တယ်။ “ အေးမ-ချိုအေးမွှေးကွမ်းယာ”-ကို အကိုကြီးသူငယ်ချင်းတွေက “လက်တိုမ-ကွမ်းယာ”-လို့နောက်နေတယ်။" အဲတာ အေးမ-မကြိုက်ဘူး။ " “အကိုကြီးသူငယ်ချင်းတွေကိုပြောထား”လို့ တိုင်လိုက်တယ်။ သူ့လက်ကလေးတဆစ်က နွားစာစင်းရင်း မတော်တဆပါသွားခဲ့တယ်လေ။အဖိုးကတော့သူ့ကြောင့်ဆိုပြီးသူသေတဲ့အထိသူမကို ဘယ်တော့မှနွားစာ မစင်းခိုင်းတော့ဘူး။
ဒီမြန်မာစကားပြေလေးကို ဥရောပက ဘာသာတခုခုနဲ့ ပြန်ကြည့်မယ်ဆိုရင်- ဥရောပသားတွေ နားလည်နိုင်ကြမှာ မဟုတ်တာသေချာတယ်။။ ထပ်ဆင့်ရှင်းလင်းချက်တွေနဲ့ -နားလည်အောင်ရှင်းပြပြီးရင်လည်း - “ခင်ဗျားတို့ တိုင်းပြည်က လူတွေ ကလေးလည်းမချစ်တတ်ဘူး။အနာဂတ်လည်းကောင်းအောင်မပျိုးတတ်ဘူး” ကလေးတွေကိုဖျက်ဆီးတယ်လို့ ပြောမယ်ထင်တယ်။အရှေ့အနောက် နေရာဒေသခြားနားမှု။အ တွေးအယူကွဲပြားမှု၊ တိုးတက်မှုနောက်ကျန်နေမှု၊ဆင်းရဲချမ်းသာအကွာအဟတွေက ကြီးလွန်းနေတယ်။
အဲဒီ ဥရောပကလူတွေရဲ့ ကလေးတွေနဲ့ပတ်သက်ပြီးထားတဲ့အယူအဆ-ဥပဒေသကိစ္စတွေတချို့ မြန်မာတွေကြားမှာ ချပြကြည့်ရင်ကော မြန်မာတွေအတွေးနဲ့ဘ၀င်ကျနိုင်ပါ့မလား အဆီအငေါ်တဲ့-တိုက်ဆိုင်နိုင်ပါ့မလား….တွေးနေမိတယ်။
ကလေးနဲ့ခွေးကို မထိနဲ့
ကလေးနဲ့ခွေးကို သွားမထိနဲ့-ဆိုတဲ့နောက်တီးနောက်တောက် စကားတခု ဒီအနောက်တိုင်းပြည်မှာ ရှိတယ်။ ကျွန်တော်ရောက်နေတဲ့ ရှဖီးလ်ဆိုတဲ့ မြို့မှာ ကျွန်တော့်အရင်ရောက်နေနှင့်တဲ့ ဗမာမိသားတစု။ လင်ကောမယားပါ ဗမာပီတယ်။ လေ့လာရေးလည်း မလုပ်ကြဘူး။ သမီးအကြီး ၆နှစ်လောက်ရှိတော့နောက်ထပ်သားတယောက်ထပ်ရ။ ကလေးကကျန်းမာရေးချူချာလွန်းတော့ဆေးရုံ ချိန်းတာကိုခဏခဏသွားရတယ်။ တရက်မှာ မွေးကင်းစကလေးကို ဆေးရုံသွားပြတုန်း မိဘလုပ်သူတွေက သမီးကို အိမ်မှာ တယောက်ထဲထားခဲ့မိတယ်။အိမ်နီးနားချင်းတွေက မြင်သွားတော့ရဲအကြောင်းကြားလိုက်တယ်။
ချက်ချင်းပဲ ရဲတွေရောက်လာပြီးကလေးကို ခေါ်သွားတယ်။ ကလေးစောင့်ရှောက်တဲ့ဂေဟာက အရာရှိတွေလက်ထဲကလေးအပ်တယ်။ယောကျာ်းလုပ်သူကို ရဲက ဖမ်းတယ်။စစ်ဆေးမေးမြန်းတယ်။ ပြီးမှပြန်လွှတ်တယ်။ ကလေးအမေဆီက မွေးကင်းစကလေးကိုလည်း သိမ်းလိုက်ကြတယ်။ မွေးကင်းစကလေးထိမ်းသိမ်းတာတော့ သိတ်မကြာလိုက်ဘူး။ ပြန်ပေးတယ်။ သမီးအကြီးမကိုခေါ်ထားလိုက်တာတော့ ၃လကျော်တယ်။ တရားရုံးချိန်းခဏခဏတက်၊ခံဝန်ချက်တွေ အတော်ထိုးပြီးမှသမီး ပြန်ရတယ်။ ဥပဒေချိုးဖေါက်မှုက ၁၃နှစ်ထက်ငယ်တဲ့ကလေးကို အိမ်မှာ လူကြီးတယောက်အဖေါ်မရှိပဲထားပစ်ခဲ့တဲ့ကိစ္စ။ဒီလိုထားခွင့်မရှိဘူး။
နော်ဝေကနောက်အဖြစ်တခုကြားဖူးတာလည်းပြောချင်သေးတယ်။ နော်ဝေကို တိုင်းရင်းသူမိသားစုတစုရောက်တယ်။ အမေကမုဆိုးမ။ ကလေးက ၅ယောက်ပါလာတယ်။ထုံးစံအတိုင်းအမေကပြောဆိုမရတဲ့အခါကလေးတွေကို ရိုက်နှက်ဆုံးမမိတယ်တဲ့။ နှစ်အတန်ကြာတော့ သက်ဆိုင်ရာက အရိုက်ခံရတဲ့ကလေးတွေကို သိမ်းသိမ်းသွားလိုက်တာအခုတော့အမေတယောက်ပဲအိမ်မှာကျန်နေတော့တယ်လို့ကြားတယ်။သူ့ခင်မျာအထီးကျန်ပြီး မပျော်တော့လို့ကိုယ့်တိုင်းပြည်ပဲ ကိုယ်ပြန်ချင်နေသတဲ့။
တခါတော့လည်း ဗမာပြည်ကနေ အင်္ဂလန်ကို ခဏတဖြုတ်လာတဲ့ သမားတော်ကြီးတယောက် ဒုက္ခရောက်သွားတယ်။ အပြန် လေဆိပ်မှာ တွေ့တဲ့ ကလေးတယောက်ကို ဖက်လှဲတကင်းတရင်းတနှီးလုပ်မိလို့ဆိုပြီး ရဲကခေါ်မေးတာကို အချိန်အတော်ကြာအောင်ဖြေရှင်းလိုက်ရသတဲ့။သူ့ခင်မျာ စိတ်မကောင်းခြင်းကြီးစွာဖြစ်သွားခဲ့ရရှာတယ်။
ဥရောပမှာ ကလေးနဲ့ပတ်သက်ပြီး အဲလို အကဲဆတ်တာတွေရှိတယ်။ ကျွန်တော်တို့ဆီမှာက ကလေးတယောက်ကို အဖေအမေက ရိုက်နှက်ဆုံးမနေရင် ဘေးက ၀င်ရတာခက်တယ်။ မဟားဒယားရိုက်နေလို့ ၀င်ပြောမိပြန်လည်း “ကိုယ့်ခလေးကိုယ်ရိုက်တာ ဘာဖြစ်လဲ” ဆိုတာမျိုးကြုံရတယ်။
ဥရောပမှာတော့ ကလေးကို ရိုက်တာပြစ်မှုကြီး ။ကိုယ့်ခလေးကိုယ်ပိုင်တယ်-သွားမလုပ်နဲ့။ခုတော့ဗမာတွေလည်း သူတို့ကလေးကို အစိုးရပိုင်တယ်လို့ပြောနေတတ်ကြပြီ။မတန်တဆရိုက်လို့ ဘေးကတိုင်တာနဲ့ လူမှုဝန်ထမ်းဌါနက ကလေးအရာရှိရောက်လာမယ်။ အရှိုးရာ-ဒဏ်ရာလို တွေ့တာနဲ့ အမှုကြီးပြီ။ ရိုက်တဲ့အဖေဖြစ်စေ ၊ အမေဖြစ်စေ ရဲမှတ်တမ်းဝင်ပြီ။ သတိပေးမယ်။ ထပ်ထပ်ဖြစ်နေရင်တော့ ခလေးကိုအပြီးခေါ်သွားပြီး မိဘဆီပြန်ပို့မှာမဟုတ်တော့ဘူး။ သင့်တော်ရာ အုပ်ထိန်းသူတယောက်ယောက်ဆီအပ်ပြီး အပြီးမွေးစားခိုင်းလိုက်လိမ့်မယ်။
အဲလိုမကြာခဏရိုက်တတ်တဲ့ရာဇ၀င်ရှိတဲ့မိဘဆီက ကလေးတွေကိုလည်း ကလေးအရာရှိက အဲဒီကလေး သိတတ်တာနဲ့ သူ့ဖုံးနံပါတ်ပေးထားတယ်။ မိဘက ရိုက်ရင်လှမ်းတိုင်လို့ရအောင်။
ပြစ်မှုမှတ်တမ်းဝင်တယ်ဆိုတာရဲမှတ်တမ်းမှာဝင်တာ။ ကလေးရိုက်တယ်လို့မှတ်တမ်းဝင်ထားတဲ့ လူတယောက် ကျားဖြစ်စေ၊ မဖြစ်စေ ကျောင်းဆရာဆရာမအလုပ်မခန့်တော့ဘူး။လူအိုရုံမှာသက်ကြီးရွယ်အိုစောင့်ရှောက်တဲ့လူမှုဝန်ထမ်းအလုပ်လုပ်မရတော့ဘူး။ ဒါကြောင့် ဥရောပရောက်ဗမာတွေလည်း ခလေးဆုံးမနည်းတွေပြောင်းကြရတယ်။
ကလေးတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်
ကျွန်တော် အင်္ဂလန်ရောက်စက အလုပ်မရသေးခင် အချိန်အားရတုန်း ( British Red Cross ) မှာဝင်ပြီးလုပ်အားပေးနေခိုက်မှာကလေးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပေးတဲ့ အကျင့် ဒီကလူကြီးတွေဆီမှာရှိတာ လက်တွေ့သိလိုက်ရတဲ့ကိစ္စတွေတွေ့ခဲ့ပါတယ်။
ကျွန်တော်တို့ ကြက်ခြေနီအဖွဲ့လေးဟာ မြို့တချို့ကိုလှည့်ပြီး အဲဒီဒေသက ရာသီအလိုက်ပွဲခင်းတွေမှာတဲထိုး။ ပွဲလာတဲ့ ပရိသတ်တွေ စိတ်ဝင်စားမယ်သိချင်တယ် ဆိုရင် အရေးပေါ်အခြေအနေမှာအသက်ရှူကုသနည်း( CPR ) လို့ခေါ်တဲ့( Coronary Pulmonary Resuscitation )ကို လက်တွေ့ပို့ချပေးကြပါတယ်။လေ့လာကြည့်ရသလောက်လည်း အဲဒီမိဘ ၉၀ရာခိုင်းနှုန်းလောက်ဟာ ဒီလိုသင်တန်းမျိုးကို တနေရာရာမှာတက်ဖူးပြီးသူချည်းဆိုတာပါပဲ။ပွဲလာတဲ့လူတွေ ကလေးတွေက အရွယ်စုံပါ။
ကျွန်တော်တို့ကြက်ခြေနီတဲရှေ့ရောက်ရင် ကလေးဘယ်လောက်ငယ်ငယ် သူတို့ မိဘ တွေက သူတို့ကလေးတွေကို အရင်မေးလေ့ရှိပါတယ်။
“သားတို့သမီးတို့ ဒီမှာအရေးပေါ် လူနာ အသက်ရှူရပ်နေရင် အသက်ပြန်ရှူအောင်လုပ်တဲ့နည်း သင်ပေးနေတယ်။ ၀င်လုပ်ကြည့်မလား ”လို့အရင်မေးပါတယ်။ မေးလို့ကလေးတွေက စိတ်ပါတယ်။ လုပ်ချင်တယ် ဆိုမှ ၀င်ပြီး သင်တန်းပြတာကိုနားထောင်စေ။ လက်တွေ့လုပ်စေ လုပ်ကြပါတယ်။
ဘယ်မိဘမှ ကလေးတွေကို ဇွတ်လုပ်ခိုင်းဇတ်နားထောင်ခိုင်းတာမတွေ့ပါဘူး။ တချို့ကလေးတွေက
“မေမေရယ်-ပွဲလာတာ ဒါလုပ်ဖို့မှမဟုတ်တာ -သားမလုပ်ချုင်ဘူး -သမီးစိတ်မပါဘူး” ဆိုရင် ဘယ်မိဘမှ ဇွတ်တိုက်တွန်းနေတာမတွေ့ပါဘူး။ ကလေးတွေကို ဒီလိုဆုံးဖြတ်ပိုင်ခွင့်ပေးပါတယ်။
ကလေးတွေကို ဘယ်လိုကြီးပြင်းခိုင်းကြမလဲ
အင်္ဂလန်မှာလက်ရှိ ကလေး ၂သန်းလောက်အလုပ်လုပ်နေတယ်လို့ စာရင်းတွေအရ သိရပါတယ်။အင်္ဂလန်က စစ်တမ်း ၁၀နှစ်တကြိမ်စစ်တမ်းကောက်တဲ့အကျင့်က ၁၈၀၁ခုနှစ်ထဲကစပါတယ်။
ဒါပေမယ့် ကလေးတွေကို သတ်မှတ်ထားတဲ့ အလုပ်အမျိုးအစားနဲ့ သတ်မှတ်ထားတဲ့ အလုပ်ချိန်ရှိပါတယ်။ ဒီနိုင်ငံမှာကျောင်းတက်ချိန်ဆို ကျောင်းနေအရွယ်ဘယ်ခလေးမှ ကျောင်းခန်းအပြင်မှာမတွေ့နိုင်ပါဘူး။တွေ့ရင်လည်းရဲက
ချက်ချင်းအဲဒီကလေးကို မိဘဘယ်သူဘယ်ဝါ ဆိုတာမေးပါတယ်။ ကျောင်းတက်ချိန် ကျောင်းသားအရွယ်ကျောင်းခန်းထဲရှိနေရမှာက မိဘနဲ့ အုပ်ထိန်းသူတာဝန်ပါ။ ကျောင်းမနေနိုင်ဘူးဆိုတာ မရှိစေရပါဘူး။ယေဘူယျအားဖြင့် ၁၉ နှစ်အထိအခမဲ့ ကျောင်းပညာရေးကို နိုင်ငံတော်က တာဝန်ယူထားတော့ ကလေးကျောင်းမတက်ရင်မိဘအုပ်ထိန်းသူတာဝန်ပါ။
ကျွန်တော်တို့ဆီကနဲ့ ဒီမှာက ကျောင်းသားအရွယ်တွေ အလုပ်လုပ် တယ်ဆိုတာကကွာပါတယ်။ ဒီမှာက ကိုယ်ဖာသာအားကိုးချင်စိတ်ရှိအောင်ပျိုးထောင်ပေးတာ။ ကိုယ့်မုန့်ဘိုးကိုယ်ရှာတာ။ မိဘကိုခဏတဖြုတ် ကူညီတာသာဖြစ်ပြီး မိဘကိုလုပ်ကျွေးဖို့ ရှာရတာမဟုတ်ပါဘူး။
မိဘက အလုပ်မရှိရင်လည်း သားသမီးကို ကျောင်းတော့ ပို့ရပါမယ် ။အလုပ်မရှိတဲ့မိဘအတွက်ကလေးတယောက် ကျောင်းစားရိတ် တပတ်ကို ပေါင် ၅၀လောက်အစိုးရက ထောက်ပန့်ပေးထားလို့ကျောင်းထားနိုင်ရပါမယ် ။ ဒါကြောင့် မိဘအလုပ်လက်မဲ့မို့ ကလေးကျောင်းမထားနိုင်ဘူးဆိုတဲ့ဆင်ခြေပေးလို့မရပါဘူး။
ကလေးတွေကို အလုပ်ခိုင်းတဲ့နေရာမှာ ၁၃နှစ်အောက်ကို လုံးဝလုံးဝ.. အလုပ်လုပ်ခွင့်မပြုပါ။ ၁၃နှစ်သားနဲ့အထက် အလုပ်လုပ်တော့မယ်ဆိုလည်း လိုင်စင်အရင်ယူရပါမယ်။ တရားဝင်ဖြစ်ရပါမယ်။ သူတို့ကို မိဘက အလကားခိုင်းလို့မရပါ။ မိဘကိုကူတဲ့အလုပ်မှာတောင် အလကားမခိုင်းနိုင်ပါဘူး ။ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက်ထားပါတယ်။ တနာရီလုပ်ခက အသက်ကိုလိုက်ပြီးတိုးသွားပါတယ်။ အခုလုပ်ခနောက်ဆုံးအနိမ့်ဆုံး သတ်မှတ်ထားချက်ကတော့ အသက် ၁၆-၁၇နှစ် အထိကို တနာရီကို ၃ပေါင်၆၈ပြား ။ အသက်၁၈ကနေ ၂၁နှစ်အထိက ၄ပေါင်၉၈ပြားဖြစ်ပြီး အသက်၂၂နဲ့အထက်ကတော့ ၆ပေါင်၈ပြားဖြစ်ပါတယ်။
လုပ်ရမယ့်လုပ်ငန်းခွင်တွေက ကလေးကျန်းမာရေး ပညာရေးစာရိတ္တ မထိခိုက်စေတဲ့နေရာ။အန္တရာယ်ကင်းတဲ့နေရာတွေဖြစ်ရပါမယ်။ ကျွန်တော်တို့ကျေးလက်တွေမှာလို အဖွားက မြေးလုပ်သူကို ဆေးလိပ်မီးတို့ခိုင်း။ကွမ်းယာယာခိုင်း။ အဖိုးက နွားစာစင်းခိုင်းမြက်ရိတ်ခိုင်း။ အဖေနဲ့ဦးလေးက သားနဲ့တူတောင်မောင်တွေကို အရက်ဝယ်ခိုင်း။ မြို့က ကားမီးပွိုင့်တွေ။ အဝေးပြေးကားဂိတ်တွေမှာ ကွမ်းယာဘန်းဆေးလိပ်ဘန်းလေးတွေနဲ့ ကလေးတွေက မိဘအတွက်တဖက်တလမ်းဝင်ငွေရှာပေးနေရတာမျိုးမဟုတ်ပါဘူး။
ကျွန်တော်တို့ဆီက မိဘတွေကသူတို့ကလေးတွေအနာဂတ်ဘယ်လိုပုံဖေါ်မလဲ။စဉ်းစားဖို့အချိန်မရှိချိန်မှာ သူတို့ -ဥရောပမှာတော့ ကလေးတွေဆေးလိပ်အရက်ဆေးဝါးရောင်းတဲ့နေရာတွေမှာ ခိုင်းခွင့်မရှိ။ကလေးက ဆေးလိပ်သောက်ခွင့် အရက်သောက်ခွင့်မရှိပါဘူး။ ဆိုင်တိုင်းမှာ ကလေး၁၆အောက် ဆေးလိပ်အရက် မရောင်းရဆိုတာ စာကပ်ထားပါတယ်။ အရက်က အခုအသက်၁၈နှစ်မှ စသောက်ခွင့်ရပါတယ်။ကလေးတွေကို မီးဖိုချောင်စားဖိုချောင်အလုပ်ခိုင်းခွင့်မရှိပါ။ခန္ဓာကိုယ် ထိခိုက်စေမယ့်အလုပ်မျိုးခိုင်းခွင့်မရှိဆိုတဲ့ဥပဒေပြဌါန်းထားပါတယ်။
ဒါကြောင့်ဥရောပက ကလေးတွေအလုပ် လုပ်ရင် စူပါမားကက်တွေ စာတိုက်တွေ မှာအလုပ်လုပ်ကြတာများပါတယ်။ ဈေးတွေမှာမိဘဆိုင်ကို ကူတဲ့ကလေးတွေလည်းတွေ့နိုင်ပါတယ် . ဒါပေမယ့် ကျောင်းဆင်းချိန်မှာပဲတွေ့ရပါတယ်။ခုတ်ထစ်ရတဲ့ အသားငါးဆိုင်တွေမှာမတွေ့ရပဲ ဟင်းသီးဟင်းရွက်သစ်သီးသစ်နှံဆိုင်တွေမှာ လုပ်တာပဲတွေ့ပါတယ်။ကျောင်းတက်တဲ့ တနလာင်္ကနေ သောကြာအထိ အလုပ်လုပ်တဲ့အချိန်က၅ရက်လုံးမှ ၁၂နာ၇ီထက် မပိုရသလို ကျောင်းအားရက်မှာလည်း သိတ်မများအောင်သတ်မှတ်ထားတဲ့နာရီနဲနဲထက်ကျော်ခိုင်းခွင့်မရှိပါဘူး။ ပညာရေးထိခိုက်မှာစိုးလို့ပါ။
ရှင်မွေးလွန်း-ရှင်မွေးနဲ
အင်္ဂလိပ်တယောက်ကိုမေးဖူးပါတယ်။ အင်္ဂလိပ်မိသားစုတွေက အများအားဖြင့် ကလေးယူတာနည်းတယ်ပြောတော့ သူက သူ့အမြင်ကိုပြောပါတယ်။ ကျွန်တော်တို့နေရတာ-ကျွန်းနိုင်ငံ။ကျဉ်းကျဉ်းလေး။ အားလုံးဟာအကန့်အသတ်ရှိတယ်။ များများမွေးရင်များများတာဝန်ကြီးတယ်။ ဒါကြောင့်နိုင်သလောက်ပဲမွေးကြတာလို့ပြောပါတယ်။ သူတို့ကို နျူကလီးယားမိသားစုလို့သုံးပါတယ်။ အဖေအမေနဲ့ ကလေးတယောက် ။ ပရိုတွန်၊နျူထရွန်၊အီလက်ထရွန်ပေါ့။ အင်္ဂလန် တချို့နယ်တွေမှာဆို လူဦးရေက လျော့တောင်ကျနေသေးသတဲ့။ စစ်တမ်းတွေအရတော့ အာဖရိက အာရှကလာအခြေချတဲ့လူတွေက ၂ဆတိုးလာချိန်မှာ သူတို့က ၇ရာခိုင်နှုန်းလောက်ပဲတိုးသတဲ့။
ပရိုက်ဗေဆီ (privacy )- တသီးတသန့် နဲ့ ယဉ်ပါးခြင်း
အင်္ဂလန်က ကလေးတွေကို ၁နှစ်သား၂နှစ်သားလောက်က စလို့ သီးခြားအခန်းမှာ သိတ်ပါတယ်။ ဒီလိုနဲ့ကလေးက သီးသန့်အခန်းမှာအိပ်တဲ့အကျင့်ရကုန်ပါတယ်။ ဒါကြောင့် ဥရောပက အိမ်အရွယ်အကြောင်းပြောရင် အိပ်ခန်းဘယ်နှစ်ခန်းပါတဲ့အိမ်လဲ ဆိုတာနဲ့တိုင်းထွာပြောကြပါတယ်။ လင်ကိုယ်မယားဆို အိပ်ခန်းတခန်းပါတဲ့အိမ်နဲ့နေလို့ဖြစ်တယ်။ ကလေးတယောက်ရှိလာရင် တော့အနည်းဆုံးအိပ်ခန်း၂ခန်းပါတဲ့အိမ်မျိုးကိုနေကြရပါတယ်။ ကလေး ၃ယောက်လောက်ရပြီဆိုရင်တော့ အိပ်ခန်း ၃ခန်းပါတဲ့အိမ်မျိုးမှာနေကြရပါပြီ။
သားယောက်ျားလေးက ၁၃နှစ်သားဆိုရင် အမေနဲ့ မအိပ်ရဘူး။ သမီးမိန်းခလေးက ၁၃နှစ်သမီးဆိုရင် အဖေနဲ့ မအိပ်ရဘူးဆိုတဲ့ သတ်မှတ်ချက်တွေလည်းရှိသေးတယ်။ တကယ်က တနှစ်သားလောက်နဲ့ ခွဲသိတ်နေကြပါပြီ။ ကျွန်တော်တို့ဆီက အယူအဆတွေ။တွေးခေါ်ပုံတွေနဲ့ကွာခြားတာကိုပြောချင်တာ။ သူတို့က ကလေးကိုငယ်ငယ်တည်းက ခွဲသိတ်တာ ကလေး ကိုယ့်ဖာသာယုံကြည်စိတ်အားကိုးစိတ်ရှိလာတယ်လို့မြင်ပါတယ်။ ကျွန်တော်ကတော့ သိတ်သဘောမတူလှဘူး။ မကြိုက်လှဘူး။
ဒီရောက်တဲ့ သူငယ်ချင်းတယောက်က သူ့သမီး၂နှစ်လောက်အရမှာ သီးသန့် ခွဲသိတ်တဲ့အကျင့်လုပ်တယ်လို့ပြောပါတယ်။ ၂ရက်လောက်အပြင်းအထန်ငိုပြီးနောက်တော့ မငိုပဲအိပ်တတ်သွားတယ်ပြောပါတယ်။အဲဒါကြားရတော့ ကျွန်တော်မဆီမဆိုင်စိတ်ထဲမှာ အတော်ထိခိုက်နေပါတယ်။ ကလေးစိတ်နာသွားမှာလား။အရွယ်ရောက်လာတဲ့တနေ့ မိဘကို ပစ်ပြယ်တဲ့ သတ္တိတွေ ဒီက ရသွားနိုင်မလားလို့လည်း ဗမာတွေးတွေးပါတယ်။
ကျွန်တော်နဲ့တူတူပါလားတဲ့ တိုင်းရင်းသားမိသားစုတွေကိုလည်းစပ်စုမိတယ်။
“ခင်ဗျားတို့ ကလေးတွေနဲ့ဘယ်လိုအိပ်ကြသလဲ”ဆိုတော့ သူတို့က
“ သူတို့အိပ်ခန်းထဲ ကလေးတွေအကုန်ထည့် ။ကုတင်တခုတည်းစုပြုံအိပ်ကြတယ်”လို့ ရီကျဲကျဲနဲ့ဖြေပါတယ်။
ကျွန်တော်ကလည်း ကျန်ခဲ့တဲ့ကိုယ့်တိုင်းပြည်က ကိုယ့်အမေ မိသားစုခြင်ထောင်ကြီး ၂လုံးကိုပြေးသတိရတယ်။ ငယ်ငယ်တုန်းကမောင်နှမတွေအဲဒီမှာ စုပြုံတိုးခွေ့အိပ်ခဲ့ကြတယ်။ ဘယ်လောက်များတဲ့ဧည့်သည် မိသားစုလာလာ အမေက ခတ်အေးအေး။ အဲဒီခြင်ထောင်၂လုံးထုတ်ပေးလိုက်တာပဲ။
ခွန်ဆိုင်း ( ၁၅-၂-၂၀၁၃)

No comments :
Post a Comment