Sunday 17 March 2013

လက်ပတောင်းတောင်အစီရင်ခံစာ နောက်ဆက်တွဲ

လက်ပံတောင်းတောင်ကို သေဒဏ်ချမှတ်လိုက်ခြင်း၏ နောက်ဆက်တွဲ အလားအလာများ







လက်ပံတောင်းတောင်ကို သေဒဏ်ချမှတ်လိုက်ခြင်း၏ နောက်ဆက်တွဲ အလားအလာများ
by Zaw Win (Notes) on Sunday, March 17, 2013 at 4:59am

လက်ပံတောင်းတောင် အကျပ်အတည်းဟာ သိပ်ကြီးမားတယ်။ လက်ပံတောင်းအစီရင်ခံစာက
အဲဒီအကျပ်အတည်းကို ဖြေရှင်းမပေးနိုင်ရုံမက ပိုကြီးထွားလာစေတယ်။
အကျပ်အတည်းရဲ့ ထွက်ပေါက်ဟာ ခက်ခဲနေတယ်။ အများပြည်သူအတွက်
အန္တရာယ်သိပ်ကြီးနေတယ်။

အစီရင်ခံစာရဲ့ တရားမျှတမှု

လက်ပံတောင်းအစီရင်ခံစာဟာ အစီရင်ခံစာရေးသားဖို့ အခြေခံတဲ့
အခြေခံမူမှာကတည်းက တိမ်းစောင်းတယ်။ ဒါ့ကြောင့် အစီရင်ခံစာ
တိမ်းစောင်းတာပါ။ အခြေခံသည့်မူများက (က) နိုင်ငံတော်၏
ရေရှည်အကျိုးစီးပွား၊ (ခ) ပြည်သူလူထုအတွက် ရေရှည်အကျိုးစီးပွား၊ (ဂ)
အပြုသဘောဆောင်သည့်အမြင် ဆိုပြီး အချက် ၃ ချက်ဖော်ပြထားတယ်။

တတိယအချက်ကစပြောပါမယ်။ တတိယအချက်မှာ အပြုသဘောဆောင်သည့်အမြင်ဆိုတာကို
က
အမှားရဲ့ မျိုးစေ့ဖြစ်နေပါပြီ။ ဒီလို အစီရင်ခံစာမျိုးကို ပြုစုတယ်ဆိုတာ
အပြုသဘောလည်း ဆောင်စရာမလိုသလို၊ အပျက်သဘောလည်း ဆောင်စရာမလိုဘူး။ အပြုသဘော
အပျက်သဘောဆိုတာ ဆန္ဒစွဲတွေပါ။ တနည်းပြောရရင် ဂတိတရားတွေဖြစ်ပါတယ်။

ဒီလိုအစီရင်ခံစာမျိုးပြုစုတယ်ဆိုတာ အချစ်၊ အမုန်းဆိုတဲ့ ဂတိတွေကင်းရတယ်။
အပြုအပျက်အမြင်တွေ ရှောင်ရှားရတယ်။ ဓမ္မဓိဌာန်ကျရတယ်။
ဓမ္မဓိဌာန်ကျရတယ်ဆိုတာ Objective ဖြစ်ရတယ်လို့ ဆိုချင်တာပါ။ ဆန္ဒအပေါ်
အခြေမခံဘဲ၊ အချက်အလက်အပေါ် အခြေခံရမယ်လို့ ဆိုချင်တာပါ။ ဆန္ဒစွဲမပါဘဲ
တွေ့တဲ့အချက်အလက်အတိုင်း တင်ပြရတယ်။ ခုတော့ အပြုသဘောဆိုကတည်းက တဘက်ကို
စပြီးစောင်းနေပါတယ်။ အစီရင်ခံစာ မထွက်ခင်ကတည်းက အပြုသဘော ဆောင်စေချင်တဲ့
ဆန္ဒက ဦးစီးထားပြီးနေပြီ။ ထွက်လာမယ့်ရလဒ်နဲ့ ပတ်သက်ပြီး
ကြိုတင်ပြဌာန်းထားတဲ့ သဘောထားတရပ်ရှိနေပြီ။

အပြုသဘောဆိုတာ အစီရင်ခံစာ ပြုစုသူတို့က အပြုသဘောလို့ ရှုမြင်တဲ့
နိုင်ငံရေး အမြင်နဲ့ ဆိုင်တယ်။ သူက သူ့နိုင်ငံရေး အယူအဆအရ အပြုသဘောလို့
မြင်ပေမဲ့ သူ့အပြုသဘောက သူနဲ့ နိုင်ငံရေး မတူသူ အတွက် အပြုသဘော
ဟုတ်ချင်မှ ဟုတ်မယ်။ အပြုသဘောဆိုတာကိုက နိုင်ငံရေးပါနေတယ်။ ဒီတော့
အစီရင်ခံစာ ပြုစုသူတို့ရဲ့ နိုင်ငံရေး အမြင်ကို ထင်ဟပ်တဲ့ အစီရင်ခံစာ
ထွက်လာတာပါပဲ။

ပထမ ၂ ချက်မှာ နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားနဲ့ ပြည်သူလူထုအတွက်
ရေရှည် အကျိုးစီးပွား ဆိုပြီး ခွဲခြား ဖော်ပြထားတယ်။ နိုင်ငံတော်
အကျိုးစီးပွား နဲ့ ပြည်သူလူထု အကျိုးစီးပွားဟာ မတူဘူးလို့ ဆိုချင်တဲ့
သဘောပဲ။ နိုင်ငံတော် အကျိုးစီးပွားဆိုတာ ဘာလဲ။ တော်တော် ရှုပ်ထွေးတယ်။
နိုင်ငံတော်အကျိုးစီးပွား ဆိုတာ ဘာလဲလို့ အဓိပ္ပါယ်ဖွင့်ရင်
အဓိပ္ပါယ်အမျိုးမျိုးထွက်လိမ့်မယ်။ နိုင်ငံရေး မတူရင် အဓိပ္ပါယ်တူမှာ
မဟုတ်ဘူး။ ကျနော် အဓိပ္ပါယ်ဖွင့်မပြတော့ဘူး။ ဒါပေမဲ့ သတိပြုစရာအချက်အဖြစ်
ထောက်ပြခဲ့ပါရစေ။

နောက်တချက်က ဒီအစီရင်ခံစာဟာ အပြစ်ရှာတာ၊ တရားခံရှာတာကို
လုပ်မှာမဟုတ်ဘူးလို့  အစီရင်ခံစာမှာ ဖော်ပြထားသလို၊ ဒေါ်အောင်ဆန်းစုကြည်
တုံရွာမှာ ရှင်းလင်းပြောကြားရာမှာလည်း ထည့်ပြောသွားတယ်။ ဖြစ်ရပ်တခုမှာ
ဗုံးခွဲသူက တဘက်၊ ဗုံးခွဲခံရပြီး မီးလောင်ကျွမ်းသူက တဘက်ရှိနေတယ်။ ဒီလို
အခြေအနေမှာ တရားခံမရှာတော့ဘူးဆိုတာဟာ ဘက်နှစ်ဘက်ကြားမှာ တရားမျှတရဲ့လား။
ဒါမတရားဘူး ဆိုတာ ထင်ရှားတယ်။ ဒီလိုသာ ဖြစ်ပြီးရင် ပြီးပါစေတော့လို့
ပြောကြေးဆိုရင် ဦးတဲ့သူက မြန်မြန်တွယ်လိုက်ဖို့သာရှိတယ်။ ပြီးရင်
ပြီးပြီပေါ့။ ဒါ့ကြောင့် ခံရတဲ့သူတွေဘက်က ဒီအစီရင်ခံစာကို
မကျေနပ်နိုင်တာဖြစ်တယ်။

ဗုံးခွဲဒဏ်ရာရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဖို့ ပြောရာမှာ အတိတ်ကို
ပြန်ပြီး အပြစ်မတင်ဘူး၊ ပစ္စပ္ပန်နဲ့ အနာဂတ်ကိုပဲ ကြည့်မယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ဒါပေမဲ့ အစီရင်ခံစာမှာ ဆန္ဒပြသူတွေဟာ
ဟန့်တားမှု၊ ဆဲဆိုခြိမ်းခြောက်မှု၊ ဖျက်ဆီးမှု၊ ဆူပူဆန္ဒပြမှု ၁၂၄
ကြိမ်လုပ်ခဲ့တယ်လို့ ဆိုတယ်။ ဆူပူဆန္ဒပြတယ်လို့ ဘာ့ကြောင့်ပြောသလဲ။
ခြံဝင်းတံခါးကို ၂ ကြိမ်ချိုးဖျက်တယ်ဆိုတာက လွဲပြီး ဆူပူတယ်လို့ ပြောစရာ
တခြားဘာအချက်မှ မရှိဘူး။ ဒါပေမဲ့ ဆန္ဒပြသူတွေကို ဆူပူဆန္ဒပြတယ်လို့
သုံးနှုန်းတယ်။ ဘာ့ကြောင့်လဲ။ အော်ဟစ်ကြွေးကြော်တာ၊ တောင်းဆိုတာကိုတော့
ဆူပူတယ်လို့ ပြောရင်တော့ အလွန်အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်လို့သာ
ဆိုရတော့မယ်။

ရဲတွေကိုကျတော့ လေ့ကျင့် စမ်းသပ်မှု မလုပ်ခဲ့လို့ဆိုတဲ့ အချက်ပဲဖော်ပြတယ်။
ဒါတင်မကဘူး။ မတ်လ ၁၄ ရက်နေ့ မုံရွာ သတင်းစာရှင်းလင်းပွဲမှာ ရဲတွေ
အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ ရဲတွေဟာ
ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘူးလို့လည်း ပြောတယ်။ ဒီနေရာမှာ
နစ်နာသူတွေဘက်က မကျေနပ်စရာတွေ အများကြီး ဖြစ်သွားတယ်။ ပထမတချက်ကို
ထောက်ပြရရင် အဲဒီညက ဆန္ဒပြနေသူတွေဟာ အကြမ်းဖက်သူတွေ မဟုတ်ဘူး။
ဆူပူသူတွေမဟုတ်ဘူး။ အနည်းဆုံး အဲဒီညမှာ
ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေကြတာဖြစ်တယ်။ ဒါကို ဘယ်သူမှ
မငြင်းနိုင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းမှ သံဃာတော် တော်တော်များများဟာ
အိပ်တောင်နေကြတာ။ ဒီလိုအိပ်နေကြတဲ့သူတွေကို ဘာကြောင့်မှ ဖြိုခွဲစရာ
အကြောင်းမရှိဘူး။ ဖြိုခွဲတာကိုက မှားနေပြီ။ ငြိမ်းငြိမ်းချမ်းချမ်း
ဆန္ဒပြနေသူကို တုတ်နဲ့ ရိုက်ရင်တောင် ဥပဒေကိုကျော်လွန်ပြီး အကြမ်းဖက်
အင်အားသုံးတာဖြစ်တယ်။ ဒါကို အစီရင်ခံစာက မျက်ကွယ်ပြုတယ်။ နောက်တချက်က
ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူးတဲ့။ ရည်ရွယ်ချက်ပါမပါ ဘယ်လို သိနိုင်သလဲ။
ထားပါတော့။ ရည်ရွယ်ချက် မပါဘူးပဲ ထားပါတော့။ ရည်ရွယ်ချက်နဲ့
လုပ်တာမဟုတ်ရင် အပြစ်မရှိဘူးလား။ ကားကို ကျွမ်းကျွမ်းကျင်ကျင်
မမောင်းတတ်တဲ့လူ တယောက်က လမ်းပေါ်တက်ကားမောင်းလို့
လူတယောက်သေသွားတယ်ဆိုပါတော့ အဲဒီလူ အပြစ်ရှိသလား၊ မရှိဘူးလား။
အဲဒီကားမောင်းတဲ့လူဟာ လမ်းပေါ်ကလူကို သေစေချင်တဲ့ ရည်ရွယ်ချက်မရှိပါဘူး။
ဒါပေမဲ့ လူသေမှုအပြစ်တော့ ရှိနေပြီမဟုတ်လား။ မကျွမ်းကျင်ဘဲနဲ့
လုပ်တယ်ဆိုရင် ပိုလို့တောင် အပြစ်ရှိသေးတယ်။ ခုတော့ ရဲမှာ
အပြစ်မရှိဘူးတဲ့။ ဒါတရားသလား။

မီးလောင်ဗုံးမဟုတ်ဘူးတဲ့ မီးခိုးဗုံးတဲ့။ ပြောချင်ရာပြောပေတော့။
ဖော့စဖရပ်ပါတယ်ဆိုတာတော့ အစီရင်ခံစာက ဝန်ခံထားပြီးပြီ။ ဖော့စဖရပ်ပါတဲ့
ဗုံးဟာ စစ်ပွဲမှာတောင် မသုံးဖို့ ကုလသမဂ္ဂက တားမြစ်ထားတဲ့ ဗုံးပဲ။
ဒီလိုဗုံးမျိုးကိုသုံးတာဟာ တရားမဝင်ကြောင်း၊ အရေးယူဖို့ လိုကြောင်း
ဘာ့ကြောင့် မပြောသလဲ။ ဒါဟာ ဘက်လိုက်တာပဲ မဟုတ်လား။ ဖော့စဖရပ်ပါကြောင်း
ထည့်ပြောတာတောင်မှ ရှေ့နေကွန်ယက်က ခြေသွက်လက်သွက်နဲ့ အချက်အလက် သက်သေ
ကြိုရှာပြီး အထောက်အထားပြထား လို့ မလွဲမရှောင်သာ
ထည့်လိုက်ရတာဖြစ်ဖို့ရှိတယ်။

လူတွေ ဆန္ဒပြဖို့ကိုတော့ ဥပဒေနဲ့ အညီခွင့်တောင်းရမယ်တဲ့။ ဥပဒေနဲ့
အညီမလုပ်ရင် အရေးယူဖို့ သူကိုယ်တိုင်က တောင်းဆိုမယ်တဲ့။ အရင်က
ဥပဒေဖောက်ဖျက်ကျူးလွန်ခဲ့သူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ပြောတော့
တရားခံရှာဖို့ မဟုတ်ဘူးတဲ့။ အတိတ်ကို ကြည့်ဖို့ မဟုတ်ဘူးတဲ့။ ပြီးတာတွေ
ပြီးပါစေတော့တဲ့။ ဒါတရားသလား။ ရဲအတွက်ကျတော့ တမျိုး လူထုအတွက်ကျ
တမျိုးဖြစ်မနေဘူးလား။

ဒီစီမံကိန်းကို လိုအပ်တဲ့ ပြင်ဆင်မွမ်းမံမှုတွေလုပ်ပြီး ဆက်လုပ်တဲ့။
သဘာဝပတ်ဝန်းကျင်မပျက်အောင်၊ လူတွေ မထိခိုက်အောင် လုပ်တဲ့။
ဘယ်လိုလုပ်ရမှာလဲ။ ဘယ်သူတွေက လုပ်မှာလဲ။ ဘယ်လို လုပ်ရမှာလဲ ဆိုတာ
တိတိကျကျ ဖော်ပြမထားဘူး။ ဘယ်သူတွေကလုပ်မလဲဆိုတာ ကတော့  ထွက်လာပြီလို့
ယူဆစရာရှိလာတယ်။ အခုအစိုးရက အသစ်ဖွဲ့လိုက်တဲ့ ကော်မတီက လုပ်မယ့် သဘောပဲ။
ဘယ်သူတွေလဲကြည့်။ သူတို့ပုပ်ထဲကပဲတွေချည်းပဲ။ ဒီလူတွေအရင်က
ဘယ်လိုလုပ်ခဲ့ဖူးသလဲ။ အားလုံးအသိပဲ။ အခုလည်း ဒီလူတွေက လုပ်ပြီးပါပြီ၊
ပြင်ပြီးပါပြီဆိုပြီး လုပ်ချင်သလို လုပ်သွားရင် ကျေနပ်လိုက်ရမယ့် သဘောပဲ။
ဒါတွေကို ပြည်သူတွေက ကြိုမြင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့
မမြင်ချင်ယောင် ဆောင်နေတယ်။

တောင်တွေ ကုန်မှာလားဆိုတော့ ကုန်မှာပဲတဲ့။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောပါတယ်။

ပြောစရာတွေ ထောက်စရာတွေ မမျှတတာတွေ အများကြီးပါ။ သိပ်ရှည်မှာ စိုးလို့
မပြောတော့ဘူး။ တခြားလူတွေလည်း အားလုံးမြင်ကြပါတယ်။ တော်တော်များများလည်း
ပြောပြီးကြပြီ။

ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် ဒီလိုလုပ်သလဲ

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးကို ရည်ရွယ်ပြီး လုပ်တာပါ။
ဒါကို သူကိုယ်တိုင် ထုတ်ဖော်ပြီးတော့လည်း ပြောခဲ့တယ်။

ကောင်းပြီ။ သူလိုချင်တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဘာလဲ။ သူလိုချင်တဲ့
အမျိုးသားရင်ကြားစေ့ရေး ဆိုတာ စစ်ဗိုလ်ချုပ်တွေနဲ့ အဆင်ပြေရေးပဲ။ ၂၀၁၅
ရွေးကောက်ပွဲ ထမြောက်အောင်မြင်ရေးပဲ။ ၂၀၁၅ မှာ သူသမ္မတ ဖြစ်ရေးပဲ။

အခုသူလိုချင်သလို စစ်ဗိုလ်ချုပ်တွေနဲ့ ပြေလည်သွားပြီ။ ဦးပိုင်တို့
ဝမ်ဘောင်တို့က ချက်ချင်း ကြိုဆိုလိုက်ကြပြီ။ ဒါပေမဲ့ တခြားတဘက်မှာ
ပြည်သူတွေနဲ့ စိတ်ဝမ်းကွဲရပြီ။ ထိုက်တန်ရဲ့လား။ ဒီမိုကရေစီ
အင်အားစုတွေကြားမှာ မကြုံဖူးတဲ့ အတိုင်းအတာအထိ ညီညွတ်ရေး ပြိုကွဲရပြီ။
ထိုက်တန်ရဲ့လား။ ပေးဆပ်ရကျိုးနပ်ရဲ့လား။ ဒေါ်စုဟာ ရန်သူကိုတော့
မိတ်ဆွေဖွဲ့လိုက်နိုင်ပါရဲ့။ ဒါပေမဲ့ လွယ်လွယ်နဲ့ ဖွဲ့လိုက်နိုင်တာ
မဟုတ်ဘူး။ မိတ်ဆွေတွေနဲ့ ရန်သူဖြစ်ပြီးမှ ရန်သူကို
မိတ်ဆွေဖွဲ့လိုက်နိုင်တာဖြစ်တယ်။ ထိုက်တန်ပါရဲ့လား။ ဒေါ်စုသာ သမ္မတ
ဖြစ်လာမယ်ဆိုရင်တော့ တန်တယ်လို့ ဆိုချင် သူတွေရှိ နိုင်ပါတယ်။ ဒါပေမဲ့
ဖြစ်နိုင်ချေရှိရဲ့လား။

စစ်အုပ်စုဘာတွေ လုပ်နေသလဲ

စစ်အုပ်စုဟာ လက်ပံတောင်း ကြေးနီစီမံကိန်းကို ဖျက်မပေးချင်ဘူး။
ဘာ့ကြောင့်လဲ ဆိုတော့ ဦးပိုင် အကျိုးစီးပွားမို့လို့ပဲ။ စစ်အုပ်စု
အကျိုးစီးပွားမို့လို့ပဲ။ စစ်အာဏာရှင်ကြီးတွေရဲ့
အကျိုးစီးပွားမို့လို့ပဲ။ ဒါကို လူတိုင်းသိပါတယ်။

ပွင့်လင်းမြင်သာမှုမရှိတဲ့ သူတို့ စာချုပ်ကြီးကလည်း ပြဿနာပဲ။
ဘာတွေချုပ်ထားမှန်းမသိရဘူး။ ဒေါ်အောင် ဆန်းစုကြည်ကလည်း  ပွင့်လင်းမြင်သာမှု
မရှိတာကို စုံစမ်းစစ်ဆေးရေး မလုပ်ခင်တုံးကထောက်ပြဖူးတယ်။ ခုတော့ သူက
စာချုပ်ကို ကြည့်လိုက်ရပြီမို့ ကျေနပ်သွားပြီ။ ဒါပေမဲ့ သူတယောက်တည်း
ကြည့်ရတာနဲ့ ပွင့်လင်းမြင်သာပြီလို့ ပြောလို့ မရဘူး။ အများသိဖို့လိုတယ်။
အထူးသဖြင့် သူက ဦးပိုင်ဘက်လိုက်နေတယ် လို့ အများကထင်နေချိန်မှာ
ပိုပြီးတော့တောင် အများသိဖို့လိုတယ်။

စစ်အုပ်စုဟာ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လှလှပပ အသုံးချတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကို ရန်တိုက်တယ်။ ဒါပေမဲ့
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုဟာ ဘယ်တော့မှ မယုံဘူး။ ဒါ့ကြောင့်
လက်ပံတောင်းကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌရာထူးပေးထားပေမဲ့
ဒေါ်အောင်ဆန်းစုကြည်ဘက်က  ရပ်မဲ့သူဆိုလို့ ဒေါ်ခင်စန်းလှိုင်နဲ့ ဒေသခံရွာသား
၂ ယောက်ပဲထည့်ပေးထားတယ်။ စစ်အစိုးရက သူတို့ အမာခံတွေ ဖြစ်တဲ့
ဦးကျော်တင့်ဆွေ၊ ဦးဇော်မြင့်ဖေ၊ ဦးလွန်းသီတို့ကို ထည့်ထားတယ်။
ဒေါ်စုလှုပ်မရဘူး။ ဒါပေမယ့် ဒေါ်စုက သူ့ကိုယ်သူ သိပ်အထင်ကြီးတယ်။ ဒါကြောင့်
စစ်ဗိုလ်တွေ ပတ်ချာဝိုင်းတဲ့ ကော်မရှင်ဥက္ကဌရာထူးကို ဒေါ်စုကလက်ခံလိုက်တယ်။
ဒီလိုနဲ့ ဒီကော်မရှင်ဟာ အစကတည်းက မလွတ်လပ်တဲ့ ကော်မရှင်ဖြစ်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကော်မရှင်ကို အသုံးပြုပြီး စစ်အုပ်စုနဲ့ သူနဲ့
ချစ်ကြည်ရေး ရဖို့ ကြိုးစားတယ်။ ဒေသခံရွာသူရွာသားတွေကိုလည်း သူပြောရင်
ရမယ်လို့ အပိုင်တွက်တယ်။ ရွာသားတွေက သူ့ကို ချစ်ကြတယ်လို့
သူကနားလည်ထားတာကိုး။ မှန်တယ်။ ရွာသူ ရွာသားတွေက သူ့ကို ချစ်ကြတာ အမှန်ပဲ။
ဒါပေမဲ့ ရွာသူရွာသားတွေရဲ့ အခြေအနေမှန်ကို ဒေါ်စုနားမလည်ခဲ့ဘူး။

ရွာသားတွေရဲ့ အခြေအနေ

ရွာသားတွေကို လျော်ကြေးပေးလိုက်ရင် ကျေနပ်မှာပဲလို့ ဒေါ်စုက
လွယ်လွယ်တွေးခဲ့တယ်။ ခက်တာက ရွာသားတွေကို အခုသူတို့ပေးမယ်ဆိုတဲ့
လျော်ကြေးဟာလည်း ကာလပေါက်ဈေး တန်ရာတန်ကြေးမဟုတ်ဘူး။ ကာလတန်ကြေးပေးဦး။
ရွာသားတွေရဲ့ အခြေအနေက သိပ်ခက်ခဲတယ်။ ဦးပိုင်ဝမ်ပေါင်က
သိမ်းပိုက်လိုက်တယ်ဆိုတာ မြေတကွက်နှစ်ကွက်မဟုတ်ဘူး။ ဒေသတခုလုံးမှာရှိတဲ့
မြေတွေကို သိမ်းလိုက်တာ။ ကာလတန်ကြေးရရင်တောင် လယ်သမားတွေမှာ
အစားထိုးပြန်ဝယ်စရာ မြေမရှိဘူး။ မသွဲ့သွဲ့ဝင်း ဘီဘီစီမှာ ပြောသလိုပဲ။
ဦးပိုင်ဝမ်ဘောင်မှာကလည်း သူတို့ ခုတ်ထွင်ရှင်းလင်းထားတဲ့
ဓါးမဦးချမြေရှိတာ မဟုတ်ဘူး။ တောင်သူ လယ်သမားဆိုတာ မြေမရှိရင်
ဘဝပျက်တာပဲ။ တောင်သူလယ်သမားကို ဦးပိုင်ကုမ္ပဏီရဲ့ ဝန်ထမ်းလုပ်ဖို့
ပြောတာဟာ ငါးကို ကုန်းပေါ် ပစ်တင်လိုက်တာနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။
လိပ်ကို ပက်လက်လှန်လိုက်သလို ယက်ကန်ယက်ကန် ဖြစ်နေဖို့ပဲ ရှိတယ်။
ဒီသဘောကို ဒေါ်စုနားမလည်ဘူး။ လယ်သမားနဲ့ မနီးစပ်တော့ လယ်သမားတွေရဲ့
ခံစားချက်ကို မသိဘူး။ ဒေါ်စုဟာ သိအောင်နားထောင်တတ်သူလည်း မဟုတ်ဘူး။ သူကသာ
ပြောချင်သူ ဖြစ်တယ်။ တောသူတွေထက် သူက အစစအရာရာသိရှိနားလည်တယ်လို့
ယူဆထားသူလည်း ဖြစ်တယ်။

တောင်သူ လယ်သမားတွေမှာက နောက်ပြန်ဆုတ်ချင်ဦးတော့၊ ဆုတ်လမ်းမရှိဘူး။
ဒေါ်စုကို သူတို့ချစ်တယ်၊  ဒေါ်စုစကားကို သူတို့နားထောင်ချင်တယ်။ ဒါပေမဲ့
အဲသလိုနားထောင်ရင် သူတို့ဘဝပျက်ဖို့ပဲ ရှိတယ်။ ဒါ့ကြောင့် လယ်သမားတွေဘက်က
လက်မခံနိုင်ကြတာဖြစ်တယ်။ ဒါ့ကြောင့် လယ်သမားတွေ စိတ်ပျက်ကြတယ်။
ဒါ့ကြောင့် လယ်သမားတွေ ငိုယိုကြတာဖြစ်တယ်။

တောင်ကာကွယ်ရေးအဖွဲ့ရဲ့ သဘောထား

တောင်ကာကွယ်ရေးအဖွဲ့ရဲ့ သဘောထားက ပိုပြတ်သားတယ်။ သူတို့က တောင်ပြိုမယ့်
အလုပ်ဆိုရင် လက်မခံနိုင်ဘူး။ တောင်တလုံးဖြစ်ဖို့
နှစ်သန်းနဲ့ချီကြာတာဖြစ်လို့မို့ တောင်ကို အပြိုမခံနိုင်အပျက်မခံ
နိုင်ကြဘူးလို့ဆိုတယ်။ တောင်ဟာ သဘာဝပတ်ဝန်းကျင်ကို စိုပြေစိမ်းလန်းစေတဲ့
အရာဖြစ်တယ်။ တောင်ဟာ ဒေသခံပြည်သူတွေ အတွက် မီးဖိုချောင်ဖြစ်တယ်။
တောင်တန်းဟာ သဘာဝ အကာအကွယ်ဖြစ်တယ်။

တောင်ကာကွယ်ရေး အဖွဲ့ကိုလည်း  ထည့်မတွက်လို့ မရဘူး။ တောင်ကာကွယ်ရေး
အဖွဲ့ရဲ့ နောက်မှာ အနုပညာသည်တွေနဲ့ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေလည်း ရှိနေတယ်။

ရှေ့နိုင်ငံရေး အလားအလာ

ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းအပါအဝင် အစိုးရကို အစစအရာရာ အလျော့ပေး
လိုက်လျော နေတာတွေအားလုံးဟာ ၂၀၁၅ မှာ သူသမ္မတဖြစ်ရေး မျှော်လင့်ချက်
အတွက်ပဲ။ ၂၀၁၅ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ဖြစ်မြောက်ပြီး
သူသမ္မတဖြစ်မှသာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်ပြောင်းလဲ
တည်ဆောက်နိုင်မယ်လို့ သူကယုံကြည်နေတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကို
အစိုးရဘက်က ညစ်ရင် သူသမ္မတဖြစ်မလာရင် အခုပေးဆပ်ရတာတွေအားလုံးဟာ
အချီးအနှီးပေးဆပ်ရတာတွေ ဖြစ်သွားဖို့ပဲ။ ဒီအချက်ကို သူထည့်မတွက်ဘူး။
ထုံးစံအတိုင်း သူ့ကိုယ်သူ အထင်ကြီးနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ
ဘယ်မှာမှန်းမသိတဲ့ သူ့ရဲ့ မုန့်ဆီကြော်အတွက် လယ်သမားတွေရဲ့ ထမင်းတလုပ်ကို
ဆွဲထုတ်လုယက်ပြီး ဦးပိုင်နတ်ကြီးကို ပူဇော်ပသနေတယ်။

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပျော့ကွက်ကို ကောင်းကောင်းနားလည်တယ်။
ဒါ့ကြောင့် ဒေါ်စုကို၂၀၁၅ နဲ့ မျှားပြီး ပြည်သူနဲ့ ထိပ်တိုက်တွေ့ရမယ့်
ကိစ္စမှာ ဒေါ်စုကို ရှေ့ကထွက်ပြီး လူမိုက်လုပ်ခိုင်းလိုက်တယ်။ ဒေါ်စုကို
လူထုထောက် ခံမှုလျော့နည်းအောင် လုပ်တယ်။ သူတို့ စစ်အုပ်စုရဲ့ လက်ကိုင်တုတ်
ကြံ့ဖွတ်ပါတီ ရမယ့်မဲ ဆိုတာ အကန့်အသတ်ရှိတာကို သူတို့ သဘောပေါက်တယ်။
ခြိမ်းခြောက်ပြီး ရမယ့်မဲ၊ ဝယ်ယူလို့ရမယ့်မဲ၊ သူတို့ဖာသာ
အကျိုးအမြတ်မျှော်ကိုးပြီးထည့်မယ့် အလိုတော်ရိမဲ ဒီမဲတွေပဲ ရဖို့ရှိတယ်။
ဒီလိုမဲမျိုးဆိုတာကလည်း အကန့်အသတ် အတိုင်းအတာတခုအတွင်းမှာပဲ ရှိတယ်။
များများစားစားမရှိလှဘူး။ ဒီတော့ သူတို့ မဲရရေးထက် ဒေါ်စုရဲ့ မဲ
ကွဲဖို့ကို အဓိကထား ဆောင်ရွက်တယ်။ ဒေါ်စုရမယ့်မဲတွေ တခြားပါတီတွေဘက်
ကွဲသွားရင် သူတို့အတွက် အမြတ်ချည်းပဲ။ တကယ်တော့ လွှတ်တော်မှာ
ဒေါ်စုရဲ့ပါတီက ကိုယ်စားလှယ်ဘယ်နှစ်ယောက်ပဲရောက်လာရောက်လာ သူတို့က
သိပ်အရေးလုပ်တာမဟုတ်ဘူး။ သူတို့ အဓိက ဖြစ်စေချင်တာက သူတို့မှ တပါး
ဘယ်သူမှ အစိုးရ အဖွဲ့ မဖွဲ့နိုင်ရေးက အဓိကပဲ။ ဒေါ်စု သမ္မတ မဖြစ်ရေးက
အဓိကပဲ။
တကယ်တော့ ၂၀၁၅ မှာ ဒေါ်စု သမ္မတ မဖြစ်နိုင်ဘူး။ ဒေါ်စုပါတီကလည်း သမ္မတ
မဖြစ်နိုင်ဘူး။ ကြံ့ဖွတ်က ဒါမျိုး အဖြစ်မခံဘူး။ စစ်တပ်က ဒါမျိုး အဖြစ်
မခံဘူး။ အဲသလို အဖြစ်မခံဖို့ အတွက် သူတို့လုပ်မယ့်နည်းလမ်း
အမျိုးမျိုးရှိတယ်။

၁။ မဲညစ်မဲခိုးတဲ့နည်း။
၂။ ရွေးကောက်ပွဲ စနစ်ပြောင်းပြီး ပီအာစနစ်ကျင့်သုံးတဲ့နည်း။
၃။ အာဏာသိမ်းတဲ့နည်း

၂၀၁၀ လမ်းစဉ်အတိုင်း မဲညစ် မဲခိုးတဲ့နည်း တနည်းထဲကို ကျင့်သုံးရင်
သူတို့အတွက် သိပ်ခက်ခဲမယ်။ သူတို့ သိပ်နာမည်ပျက်မယ်။ အဆင်မသင့်ရင်
လူထုအုံကြွမှု ဖြစ်နိုင်တယ်။ ၂၀၁၅ မှာ ဒီနည်းဟောင်း တခုတည်းကို သူတို့
သုံးမယ် မထင်ဘူး။

ဒီထဲမှာ သူတို့ အတွက် အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်း၊ နာမည်ပျက်
အနည်းဆုံးနည်းက ရွေးကောက်ပွဲ စနစ်ပြောင်းပြီး ပီအာစနစ်
ကျင့်သုံးတဲ့နည်းပဲ။ ဒီနည်းကို သူတို့သုံးဖို့များတယ်။ ဒါပေမဲ့ သူတို့က
သူတို့ဘက် က သေချာမှ ကြိုက်တဲ့သူတွေဆိုတော့ မဲညစ်မဲခိုးတဲ့နည်းကိုလည်း
ပူးတွဲ အသုံးပြုဖို့ များတယ်။ ပီအာစနစ်က ဘာ့ကြောင့် သူတို့ အတွက်
အကျိုးရှိသလဲဆိုတော့ ပီအာစနစ်အရ သူတို့က ဒုတိယ မဲ အများဆုံးရမယ့်သူတွေ
ဖြစ်နေလို့ပဲ။ ပီအာစနစ်ကျင့်သုံးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
အရွေးကောက်ခံထိုင်ခုံ ၇၅ ရာနှုန်းအနက် မဲ ၆၀ ရာနှုန်းရပြီး ကြံ့ဖွတ်က ၃၀
ရာနှုန်းရရင် အစိုးရအဖွဲ့ ဖွဲ့ခွင့် ရမယ့်သူဟာ ကြံ့ဖွတ်ဖြစ်မှာပဲ။
ဘာ့ကြောင့်လဲ ဆိုတော့ ရှိပြီးသား စစ်တပ်တမတ်သားကိုထည့်ပေါင်းလိုက်ရင်
ကြံ့ဖွတ်က အများစုဖြစ်သွားမှာမို့ပဲ။ ဒီတော့ ပီအာစနစ်ဟာ သူတို့ အတွက်
အဲသလောက်အထိ အကျိုးရှိတယ်။ ပီအာစနစ်လုပ်ဖို့ သူတို့
ကြိတ်ကြံနေကြပြီးလည်းဖြစ်တယ်။ ပီအာစနစ်ကို ဦးသုဝေတို့
ဦးခင်မောင်ဆွေတို့ တင်တဲ့အချိန်မှာ ချက်ချင်း ဥပဒေမထုတ်တာ၊
မဆွေးနွေးသေးတာက လူထုအတွက် စဉ်းစားပြင်ဆင်ချိန်ရသွားမှာ စိုးလို့ပါ။
ဒီချုပ်အတွက် ပြင်ဆင်ချိန်ရသွားမှာ စိုးလို့ပါ။ ဒါ့ကြောင့်
အသာလေးလျှိုပြီး နှပ်ထားတာဖြစ်ပါတယ်။ ပီအာစနစ်ကို အနားကပ်ပြီးမှ
သူတို့ပြောင်းကြပါလိမ့်မယ်။ ဒီချုပ်ကတော့ ထုံးစံအတိုင်းပဲ၊ ဘာမှ
စဉ်းစားပြင်ဆင်ထားပုံမရပါဘူး။ ဒီတပွဲမှာလည်း ထုံးစံအတိုင်း
နောက်ကောက်ကျဖို့ များပါတယ်။

တကယ်လို့ ၁၊ ၂ နည်းတွေ သုံးတဲ့ ကြားက ကြံ့ဖွတ်မဟုတ်သူ သမ္မတဖြစ်ပြီး
အစိုးရဖွဲ့နိုင်ခဲ့ရင် စစ်တပ်က မုချ အာဏာသိမ်းပါမယ်။ စစ်တပ်ဟာ
ဘယ်နည်းနဲ့မှ တခြားသူတခြားအဖွဲ့ကို အစိုးရဖွဲ့ခွင့် မပြုပါဘူး။
သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလိုပေးလိုက်ရင်
သူတို့စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီတွေ
အမြတ်ထုတ်သွေးစုပ်နိုင်တဲ့ခေတ်ကုန်ဆုံးသွားမှာမို့ပါပဲ။
မဖြေရှင်းနိုင်တဲ့သူတို့ရဲ့ ပြဿနာဟောင်းတွေ ဗူးပေါ်သလို ပေါ်လာမှာမို့ပါပဲ။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ မှာ သမ္မတမဖြစ်နိုင်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက တယောက်ယောက်လည်း သမ္မတမဖြစ်နိုင်ဘူး။
၂၀၁၅ မှာ သမ္မတဖြစ်ရေးကို မျှော်ကိုးပြီး အလျှော့ပေးသမျှ၊ ကိုယ့်တပ်ကိုယ်
ပြန်နင်းသမျှဟာ ဖွတ်မရ ဓါးမဆုံးသာဖြစ်ဖို့ရှိပါတယ်။

လက်ပံတောင်း အန္တရာယ်

ဒီအခြေအနေတွေကို ကြည့်ရင် လက်ပံတောင်း အန္တရာယ်ဟာ သိပ်ကြီးနေပြီဆိုတာ
ထင်ရှားပါတယ်။ အစီရင်ခံစာကြောင့် စစ်အုပ်စုဘက်က သိပ်အားတက်သွားပါပြီ။
နောက်ဆုတ်ပေးမှာ မဟုတ်ပါဘူး။ လယ်သမားတွေဘက်ကလည်း နောက်ဆုတ်ဖို့
ခက်နေပါပြီ။ နောက်ဆုတ်ရင် သူတို့ အတွက် ဘာမှကျန်မှာ  မဟုတ်ပါဘူး။

ခုဆိုရင် လယ်သမားတွေ ရိုင်းတယ်၊ ဘာမှနားမလည်ဘူး၊
ဟန်ဝင်းအောင်မြှောက်ပေးနေတယ် ဆိုတဲ့ အသံတွေ ဒေါ်စုလူတွေနဲ့
အစိုးရလူတွေဘက်က ထွက်ပေါ်လာနေကြပါတယ်။ ဒါတွေဟာ အစိုးရဘက်က လူထုကို
ဖြိုခွဲရေးအတွက် အားတက်စရာအချက်တွေပါ။ အစိုးရက ဒီတခါဖြိုခွဲရင်
ဒေါ်စုကတောင် ပြောလို့မရတဲ့သူတွေမို့လို့ အပြင်ဘက်က
မြှောက်ပေးတဲ့သူတွေရှိလို့ ခွဲရတာပါဆိုပြီး ပြောပါလိမ့်မယ်။
ပထမသံဃာတွေကို မီးလောင်ဗုံးခွဲတာကို ခွင့်လွှတ်နိုင်တဲ့ ဒေါ်စုကလည်း
ဒီတပွဲမှာ ဖြိုခွဲရင်တော့ နည်းတောင် နည်းသေးတယ်လို့ ထင်ပါလိမ့်မယ်။
တကယ်တော့ ဒေါ်စုရဲ့ အစီရင်ခံစာထွက်လာတာဟာ
လက်ပံတောင်းတောင်သူလယ်သမားတွေအတွက် အန္တရာယ်ပိုကြီးလာပါတယ်။ ဒေါ်စုရဲ့
အစီရင်ခံစာဟာ လူထုကို ဖြိုခွဲဖို့ မီးစိမ်းပြပေးလိုက်သလိုပါပဲ။

ဒီအချိန်မှာ အများပြည်သူက အချိန်မီ ဝိုင်းဝန်းမကူညီနိုင်ခဲ့ရင်၊
တောင်သူလယ်သမားတွေထဲမှာ လျော်ကြေးယူမယ့်သူတွေနဲ့ မယူမယ့်သူတွေဆိုပြီး
ညီညွတ်ရေး ပြိုကွဲခဲ့ရင်ဖြင့် လက်ပံတောင်းအရေးဟာ အလွန်ရင်လေးဖို့
ကောင်းပါလိမ့်မယ်။ ဒီအခြေအနေဆိုးကို လက်ပံတောင်း ပြည်သူကွက်ကွက်ကလေးက
ခုခံကာကွယ်နိုင်ဖို့ဆိုတာ သိပ်မလွယ်ကူပါဘူး။ ကျန်မြန်မာနိုင်ငံတဝန်းက
ပြည်သူ တွေရဲ့ ထောက်ခံအားပေးမှု၊ စာနာကူညီမှုလိုအပ်ပါတယ်။ ဒီနည်းကလွဲပြီး
တခြားဘာကမှ ကုစားနိုင်ဖို့ မရှိပါ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၁၆ မတ်။ ၂၀၁၃။

2 comments :

Anonymous said...

ကျွန်တော်သည်မျက်ကန်းမျိုးချစ်၊မဟုတ်ပါ၊ ခေါင်းဆောင် လုပ်သူမှားနေပါက မှားနေပါသည်ဟုပြောခြင်းက ထိုခေါင်းဆောင်ကိုတကယ်ချစ်ရာရောက် သည်ဟုယုံကြည်သူဖြစ်ပါသည်၊ ပုဂ္ဂိုလ်ကိုးကွယ်မှုကိုလက်မခံပါ၊ ပုဂ္ဂိုလ်ကိုးကွယ်မှုသည် ဒီမိုကရေစီလမ်းကြောင်းမှသွေဖီ၍အာဏာရှင်လမ်းကြောင်းမှားသို့တွန်းပို့ပေးသည်နှင့်တူ ပါ သည်၊ ချစ်ရာမရောက်ပါနှစ်ရာရောက်ပါသည်copy comment

Anonymous said...

WE don't need such a kind of so called 88 students. It passed more than 20 years and those guys still holding the students name. Think you all yourselve is it fit with the current situation.
We don't need fighters who had the against mind.
If you don't want to follow so what is your solution, see you guys how behaved and killed each others in 1990-1992.
Do we need to called such guys our leader, then our myanmar people will be killed instead of free.
How many of you guys still peace, coordinate and respecte even between you guys.
We need to eradicate such so called 88 guys who have anti mind.
Remeber not because of you only guys involved but because of the whole country involvement in revolution to change a move.
It is better die in there, we don't even want to see you guys.
Have a good day.