Wednesday 8 May 2013

(၄၀၁ အပိုဒ်/၁) နှောင်ကြိုးတည်းခံများကိစ္စ

ဦးသိန်းစိန်ရဲ့ကြံ့/ဖွံ့ အာဏာလက်လွှဲယူပြီးတဲ့နောက် နိုင်/ကျဉ်းတချို့ကို စလွှတ်တော့ နှောင်ကြိုးတန်းလန်းကြီးနဲ့ဆိုပြီး ပြောသူတွေထဲမှာ ကျနော်လည်းပါပါတယ်။ (၄၀၁- အပိုဒ် ၁) ဆိုတာဘာလဲဆိုပြီး ဆောင်းပါး ၂ ပုဒ်လောက်တောင် ရေးဖြစ်ခဲ့ပါသေးတယ်။ ခု အများနားလည်ရပိုလွယ်အောင် အရပ်သားစကားနဲ့ အတိုဆုံးချုပ်ပြီးပြန်ပြောချင်ပါတယ်။ ခု အဲ့သဘောဆောင်တဲ့ ပူပူနွေးနွေးကိစ္စတခုဖြစ်တယ်မြင်လို့ပါ။

ဒီလိုဗျာ...၄၀၁ အပိုဒ် ၁ သဘောက..ခင်ဗျား သူတို့ကိုဆန့်ကျင်လို့ ဒီမိုကရေစီရေးလုပ်လို့အဖမ်းခံရပြီး၊ သူတို့ပုဒ်ထီးပုဒ်မတွေနဲ့ ထောင် (၁၀) နှစ်ချခံလိုက်ရ တယ်ဆိုပါတော့။ ထောင်ထဲမှာလည်း (၄) နှစ်နေပြီးပြီဆိုပါတော့။ (ထောင်နေသား (၄) နှစ်ရပြီလို့ ပြောပါတယ်) နောက်ထပ်နေပေးဖို့ (၆) နှစ် ကျန်သေးတယ်လို့ဆိုရမယ်။ ဘာလို့လဲဆိုတော့ (၁၉၉၇) ကတည်းကစပြီး နိုင်/ကျဉ်းတွေကို ထောင်လျှော့ရက်မပေးတော့လို့ ပါပဲ။ နေဖို့လက်ကျန် (၆) နှစ်ရှိသေးတဲ့အချိန်မှာ ခင်ဗျားကို အပေးအယူ (တရားဝင်ပြောပြီး) လာလုပ်ပါတယ်။

"ခု လွှတ်ပေးမယ်.. ထောင်ထဲနေရန်ကျန်သေးတဲ့ (၆) နှစ်ကို အကြွေး (ထောင်ကြွေးလက်ကျန်အဖြစ်) မှတ်ထားမယ်...၊ နောင်ကို နိုင်ငံရေးမလုပ်ရဘူးလို့ မဆိုလိုဘူး..၊ လုပ်ချင်ရင်လုပ်...၊ လုပ်လို့ ပြန်အဖမ်းခံရ ပြန်ထောင်ကျရင် အမှုသစ်အတွက် ချမယ့်ထောင်ဒဏ်အပြင် အမှုဟောင်းက ကြွေးကျန်ကိုပါ ထပ်ပေါင်းကျခံရမယ်”
ဒီသဘောပါပဲ။ (ဥပမာ-နောင်အမှုက ၃ နှစ်ဆိုရင် အရင်ထောင်ကြွေးလက်ကျန်က (၆) နှစ်၊ ပေါင်းလိုက်တော့ (၉) နှစ် သွားပေတော့ပဲ။ အဲ့ဒါကိုပဲ ဗူးလုံးနားမထွင်းသူက မထွင်း။ ထွင်းသူကလည်း မထွင်းချင်ယောင်ဆောင်ပြီး ယောတောရှိနဲ့ "လွတ်ငြိမ်းချမ်းသာခွင့်"လို့ရေးနေ ပြောနေကြတာပါ။ လုံးလုံးလွဲပါတယ်။ မသိလို့လွဲတာဆို သိသူကပြန်တဲ့ပေးရင် ဖြောင့်သွားပေမယ့် သိသိနဲ့ပြောတာရေးတာဆိုရင်တော့ ဒါ "နိုင်ငံရေးမသမာမှု-နိုင်ငံရေးအကျင့်တန်မှု"လို့ပြောရမယ်ယူဆတယ်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပြုတာနဲ့ ခု ကြံ့/ဖွံ့အစိုးရ လုပ်နေတာဟာ တခြားစီပါ။

ကျနော်စိုးရိမ်တာက သူတို့ (၄၀၁) နဲ့ မလိမ့်တပတ်လုပ်ပြီး လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ လွတ်နီးတွေပါသလို၊ နှစ်ကြီးချခံခဲ့ရပြီး ထောင်ကြွေးလက်ကျန် မနည်းမနောတွေလည်း တပုံတခေါင်းကြီးပါတယ်။ အဲ့လူတွေ ဒီတကြိမ်ပြန် အဖမ်းခံရလို့ကတော့ (သူတို့အဆို ပြစ်မှုကြီးကို)ထောင်လေး (၁) ရက်ပဲချဦး အရင်ထောင်ကြွေးပေါင်းပေးလိုက်ရုံနဲ့တင် ကိစ္စပြီးပါတယ်။ (ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ် နိုင်ငံရေးလုပ်လို့- သူတို့ကိုဆန့်ကျင်လို့- မဖမ်းတာ့ပါဘူးလို့ အာမခံထားတာမရှိသလို ဘယ်သူမှလည်း ဝင်အာမခံလို့မရပါဘူး။ ဒီတော့ ထောင်ထဲကနိုင်/ကျဉ်းလက်ကျန်တွေကိုလွှတ်တဲ့အခါမယ် "ခြွင်းချက်မရှိနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ (Immediately and Unconditionally)" အပြင် (၄၀၁) နဲ့ အပြင်ရောက်ပြီးသားလူတွေကိုလည်း အဲ့ဒီ (၄၀၁) နှောင်ကြိုးကနေ အတိအလင်း ပြန်ဖြည်ပေးရပါလိမ့်မယ်။ အတိအလင်းလို့ဆိုရာမှာ သတင်းစာ ရေဒီယို ရုပ်မြင်သံကြားစတဲ့ အစိုးရမီဒီယာတွေကနေ သမ္မတကိုယ်တိုင် ထုတ်ဖော်ပြောကြားပေးဖို့ ပါပဲ။ အခုပဲ တောင်းဆိုပါတယ်။

အပစ်အခတ်ရပ်တာနဲ့၊ စစ်ရပ်တာနဲ့၊ စစ်ပြေငြိမ်းတာနဲ့၊ စစ်လည်းမတိုက်ငြိမ်းချမ်းရေးလည်းမရတာနဲ့၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တာနဲ့ကြားက ကိစ္စတွေမှာလည်း ကျနော်တွေးမိတာလေးတွေ ရှေ့မှာ အတော်အတန်ရေးခဲ့ပါတယ်။ ဒါပေမယ့် စာရှည်တော့ ဖတ်သူငြီးငွေ့မှာ သေချာပါတယ်။ ခုလို တိုတိုတုတ်တုတ်နဲ့ ပြန်ရေးရင် ကောင်းမလားလည်းတွေးမိပါတယ်။

မျိုးမြင့်ချို

No comments :